Headlines

မြန်မာ- အိန္ဒိယ နယ်စပ်ခြံစည်းရိုးခတ်မှုဟာ ဌာနေတိုင်းရင်းသားအခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ MZP ကအိန္ဒိယဗဟိုအစိုးရကို စာပေးပို့

27 Jan 2025

အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား နယ်နိမိတ်နယ်မြေအတွင်း ခြံစည်းရိုးခံခြင်းဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်ဖို့  မီဇိုရမ်ပြည်နယ်အတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းလှုပ်ရှားမှုမှာ အားကောင်းတဲ့ မီဇိုကျောင်းသားအဖွဲ့အစည်း Mizo Zirlai Pawl (MZP) က အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းစာပေးပို့ထားပါတယ်။

တိုက်တွန်းစာပေးပို့ရာမှာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် တာဆီးပိတ်ပင်မှုနဲ့ ကန့်သတ်မှုများဆောင်ရွက်လာပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime( FMR) ကိုပါ ဖျက်သိမ်းတာကိုလည်း ဗဟိုအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိပ်မူပေးပို့ထားတယ်လို့ India Today Media က ဇန်နဝါရီ ၂၇ ရက်နေ့မှာဖော်ပြပါတယ်။

အဆိုပါတိုက်တွန်းစာမှာ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် Signh ရဲ့ အိန္ဒိယဗဟိုအစိုးရကို ပေးပို့တဲ့ စာမှာ မြန်မာနိုင်ငံနဲ့ အခုလို နယ်စပ်စည်းမျဉ်းမှာ ခြံစည်းရိုးခတ်တာဟာ မီဇိုလူမျိုးများရဲ့ လူနေမှုဘ၀ပုံစံကို ထိန်းသိမ်းစောင့်ရှောက်ရန်နဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှု၊ စီးပွားရေးလုပ်ဆောင်မှုများကို လွယ်ကူချောမွေ့စေခြင်းအားဖြင့် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကို ထိမ်းသိမ်းစောင့်ရှောက်ရာမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်ကြောင်း ပြောဆိုထားတယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့်လည်း အခုလို နှစ်နိုင်ငံနယ်နိမိတ်မှာ ခြံစည်းရိုးကာပြီး ကန့်သတ်မှုများလုပ်ဆောင်မှုတွေဟာ နှစ်နိုင်ငံခြားမှာနေရတဲ့ ချင်း – Zo လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးအခမ်းအနားများနဲ့ ရပ်ရွာပွဲများမှာ အချင်းချင်းပါဝင်ဆင်နွှဲခွင့်၊ စီးပွားရေးကူးသန်းရောင်းဝယ်ခွင့်တွေကို ပိတ်ပင်တားဆီးရာရောက်တယ်လို့ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုထားပါတယ်။ အဆိုပါ နယ်နိမိတ်ကြား ဝင်ထွက်သွားလာခွင့်ကန့်သတ်မှုနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်မြို့အခြေစိုက် ZORO အဖွဲ့အစည်းကလည်း ကန့်ကွက်ကြောင်း၊ ဗဟိုအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ရမှာဖြစ်ကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့တဲ့အပြင် အိန္ဒိယဗဟိုအစိုးရကိုလည်း အကြိမ်ကြိမ် တိုက်တွန်းစာပေးပို့ခဲ့ပါတယ်။

MZP ရဲ့ပေးပို့တဲ့စာမှာ “FMR ကို ရပ်စဲခြင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းဟာ လူမျိုးတူအကြား ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနဲ့ မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်များ လက်လှမ်းမီပူးပေါင်းဆောင်ရွက်မှုတွေကို ဆုံးရှုံးစေကြောင်း၊ ဤဆုံးဖြတ်ချက်ဟာ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ပထဝီဝင်၊ သမိုင်းဝင်မှုကို လျစ်လျူရှုထားခြင်းဖြစ်ပြီး နှစ်နိုင်ငံခြားနေရခြင်းကို အခွင့်အကောင်းယူတားဆီးဆောင်ရွက်ခြင်းဖြစ်တယ်” လို့  ဖော်ပြပါတယ်။

“ဒီလို လုပ်ရပ်တွေဟာ ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးတွေကို ထိပါးရုံသာမကဘဲ ကျွန်တော်တို့ဘဝရဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ကုန်သွယ်ခွင့်တွေကိုပါ ထိခိုက်စေပါတယ်” လို့ MZP အဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၀၇ ခုနှစ်မှာ ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း ( UNDRIP) မှာပါဝင်လက်မှတ်ရေးထိုးထားပြီး အဆိုပါ စာတပ်းရဲ့ ပုဒ်မ ၃၆ အရ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးကို ထိန်းသိမ်းရန်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးများကို အာမခံပေးရမယ်လို့ ပါရှိပါတယ်။

အခုလို နယ်စပ်ဖြတ်ကျော်ခွင့်ကန့်သတ်မှုများဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုမှာပါဝင်တဲ့ လူနည်းစု၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပျက်ပြားစေတာဖြစ်တဲ့အတွက် ဝမ်းနည်းစရာ လုပ်ရပ်ဖြစ်တယ်လို့ MZP က အိန္ဒိယဗဟိုအစိုးရကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီး မဏိပူရ်မှာ ဒီဇင်ဘာလအတွင်း လာရောက်စဉ်က မဏိပူရ်ဝန်ကြီးချုပ် Signh က ဗဟိုအစိုးရအနေနဲ့ အခုလို နယ်စပ်စည်းမျဉ်းမှာ ခြံစည်းရိုးခတ်ပြီး ပြည်နယ်အတွင်း နိုင်ငံခြားကနေ လွယ်ကူစွာဝင်ထွက်သွားလာခွင့်ကို တားမြစ်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုမှုကို အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာ – အိန္ဒိယနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီရဲ့ ရိဒ်ခေါဒါရ်တပ်စခန်းနဲ့ တီးအိုချောင်းစစ်စခန်းတွေကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *