
ဇန်န၀ါရီလ ၂၃ ရက်။
ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု နိုင်ငံတကာရာဇဝတ်ခုံရုံး( ICC )က စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို အာရက္ခတပ်တော် ( AA) ယူနီဖောင်းဝတ်ဆင်ထားသူ တချို့ဟာ စစ်သုံ့ပန်း ၂ ဦး ကို ညှဥ်းပမ်းနှိပ်စက်ပြီး ၎င်းတို့ရဲ့ လည်ပင်းကို လှီးဖြတ်ခဲ့ခြင်းတို့ ပါဝင်ပါတယ်။
Fortify Rights မှ ထို ဗီဒီယို မှတ်တမ်းနှစ်ခုအား စိစစ်လေ့လာရာ ၎င်းတို့သည် စစ်မှန်မှုရှိနေကြောင်း ယုံကြည်ပါတယ်လို့ Fortify Rights အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဗီဒီယိုထဲတွင် ပြစ်မှုကျူးလွန်သူထဲမှ အနည်းဆုံးတစ်ဦးဟာ AA စစ်ယူနီဖောင်းများ ဝတ်ဆင်ထားပါတယ်။ ၎င်းတို့ပြောစကားမှာ AA တပ်မှူးတစ်ဦးမှ သုံ့ပန်းနှစ်ဦးအား သတ်ပစ်ရန်အမိန့်ပေးထားနိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။၂ မိနစ် ၅၂ စက္ကန့်ကြာရှိတဲ့ ပထမ ဗီဒီယိုဖိုင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ လူမှုကွန်ရက်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာတော့ Fortify Rights ဆီကို ၃ မိနစ်နဲ့ စက္ကန် ၂၀ ကြာ ရှိတဲ့ ဒုတိယဗီဒိယိုဖိုင် တခု ပေးပို့လာတယ်လို့ ဆိုပါတယ်။
ဒုတိယ ဗီဒီယိုဖိုင် က သူတို့ဆီပေးပို့လာတယ်လို့ ဖော်ပြထားပေမဲ့ ဘယ်သူဘယ်ဝါက ပေးပို့လာတယ်ဆိုတာကိုတော့ Fortify Rights က ဖော်ပြထားတာမရှိပါဘူး။
Fortify Rights က ရရှိတဲ့ ဗီဒီယိုမှတ်တမ်းရှည်ထဲမှာ AA ယူနီဖောင်းဝတ်ဆင်ထားသူတွေက ညဉ်းပမ်းနှိပ်စက်ခံရသူ ၂ ယောက်ရဲ့ မျက်နှာ၊ကျောကုန်းနဲ့ ဦးခေါင်းနေရာတွေကို ၁၂ ချက်ထက်မနည်းကန်ကျောက်ခဲ့သလို မြေကျင်းရှေ့မှာ ဒူးထောက်ထိုင်ခိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။ဗီဒီယိုပါ အချက်အလက်အရ နှိပ်စက်ခံရသူ ၂ ယောက် ဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် အသက်ရှင်နိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင် AA မှ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်များကိုစုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို Fortify Rights မှ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန် Fortify Rights မှ AA နဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်သော အဖွဲ့အစည်းအင်အားစုများအားလုံးကို Fortify Rights မှတောင်းဆိုထားပါတယ်။