ဇန်နဝါရီလ ၅ ရက်။
ဇန်နဝါရီ ၃ ရက်နေ့က မကွေးတိုင်း၊ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ပါတဲ့စစ်ကား ၂ စီးကို ပဒါန်း-ငဖဲလမ်းမှာ CDF-Asho က မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF-Asho )က ဒီကနေ့ ဇန်နဝါရီလ ၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ငဖဲမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာလက်နက်ခဲယမ်းနဲ့အတူ CDF – Asho တပ်ဖွဲ့ကဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
CDF-Asho တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကလည်း အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို သေနတ်၊ လက်ပစ်ဗုံး၊ အီနာဂါဗုံးသီးတို့နဲ့အတူ ငဖဲမြို့နယ်တစ်နေရာမှာ CDF – Asho တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။