Headlines

စစ်ကောင်စီရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး  

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Pabitra Margherita နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဦးတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ India Today  က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအနေအနေနဲ့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Pattarat Hongtong ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဦး၊ ဒိုမီနီကန်သမ္မတနိုင်ငံသံအမတ်ကြီးတို့နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မြဲစေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယအစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ တွေ့ဆုံမှုမှာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးမှာ ဆက်လက်ပြီး ပူးပေါင်းမှု မြှင့်တင်ရေးနဲ့ အပြန်အလှန် အကျိုးရှိမယ့် စီးပွားရေးဆိုင်ရာ ကိစ္စတွေအပြင် မိတ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးကြတယ်လို့ India Today ကဖော်ပြပါတယ်။

စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကို ဆက်လက်တိုက်တည်ဆောက်နေတဲ့အပေါ် India for Myanmar အဖွဲ့အစည်းအနေနဲ့ အိန္ဒိယအစိုးရသံရုံးမှာ စစ်ကောင်စီအစိုးရနဲ့ ဆက်သွယ်ဆက်ဆံမှုများကို ရပ်တန့်ဖို့နဲ့ အာဏာသိမ်းမှုကို ပူးပေါင်းကန့်ကွက်ပေးရာမှာ ပါဝင်ပေးဖို့  နှိုးဆော်တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာကို အိန္ဒိယအစိုးရဆီပေးပို့ခဲ့ပါတယ်။

အိန္ဒိယရောက် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ ချင်းအမျိုးသားတစ်ဦးက “ စစ်ကောင်စီကို အိန္ဒိယအစိုးရအနေနဲ့ မိတ်ဖက်လိုဆက်ဆံနေတာကို ကျွန်တော်တို့ လုံး၀သဘောမကျပါဘူး။ ဖြစ်သင့်တာလည်းမဟုတ်ဘူး။ မြန်မာပြည်ဖက်က စစ်ဘေးရှောင်တွေ ကို အိန္ဒိယပြည်နယ်အချို့မှာ လိုလိုလားလားနဲ့ အကူအညီတွေပေးနေတဲ့အချိန် ဗဟိုအစိုးရက စစ်ကောင်စီနဲ့ ချိတ်ဆက်မှုတွေလုပ်နေတာကတော့ လုံ၀လက်ခံစရာမရှိဘူး။ ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံလိုမျိုးမှာ ဗဟိုအစိုးရက ဘယ်လိုပြောပြော မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်လိုမျိုးမှာ ကျွန်တော်တို့လို စစ်ဘေးရှောင်တွေကို လက်ခံပြီး စောင့်ရှောက်ပေးတာကျေးဇူးတင်တယ်။ ဒါတောင်မှ ဗဟိုအစိုးရက နည်းမျိုးစုံနဲ့ ပြည်နယ်အစိုးရကို ဖိအားပေးတာတွေကြားနေရတယ်” လို့ပြောပါတယ်။

လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာပြည်အခြေအနေအရ အထူးသဖြင့် အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ စစ်ဘေးရှောင်တွေဟာ အိန္ဒိယဖက်ကို လူဦးရေသိန်းကဏန်းဝန်းကျင် ရောက်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *