Headlines

ကနေဒီ တောင်ကြောတဝိုက် ကလေး-တီးတိန် ကားလမ်းပေါ် နှင်းခဲ လို့ခရီးသွားများ အခက်အခဲကြုံ

ဇန်နဝါရီလ ၃ ရက်။

၂၀၂၅ နှစ်သစ်ကူးနေ့ ဇန်နဝါရီ ၁ ရက် မနက် က စပြီး တီးတိန်မြို့နယ် ကနေဒီတောင်ထိပ် အနောက်ဘက် တောင်ကြော တဝိုက်ရှိ ကလေး-တီးတိန် လမ်းပိုင်း တချို့မှာ ကွန်ဂရစ်လမ်းမ ပေါ်မှာ နှင်းများ ခဲနေခြင်းကြောင့် လမ်းချောကာ ယာဉ်သွားယာဉ်လာများလမ်းကြောင်း ထိန်းသိမ်းမောင်းနှင်ရန် ခက်ခဲတဲ့ပြဿနာများ ကြုံတွေ့ နေရတယ်လို့ ဒေသခံများ ထံမှ သိရှိရပါတယ်။

“နှစ်သစ်ကူးတဲ့ ညက စပြီး အအေးတွေ ပိုလာတယ်။ ကနေဒီတောင်ထိပ်ရဲ့ အနောက်ဘက် အောက်နား မှာ ရှိတဲ့ Dollam စခန်း တဝိုက်မှာ နှင်းတွေ ခဲတဲ့ အထိပဲ။ ရေတွေ ကွန်ဂရစ် လမ်းမပေါ် ခဲတော့ ချော နေပြီး ဆိုင်ကယ်တွေဆို ချော်လဲ ကြတယ်။ ကားတွေလဲ အတော် ဒုက္ခ ရောက်တယ်။ ရေခဲတာက ကြုံရခဲတယ်။ ဗွက်လို မဟုတ်ဘူး။ မာပြီး ချော နေတာက ပြဿနာ အတော်ကြီးတယ်” လို့ ဒေသခံ လူငယ် တစ်ဦး က ပြောကြား ခဲ့ပါတယ်။

“ဒီနေ့ ကတော့ အဆိုးဆုံးပဲ။ ဆိုင်ကယ် သမားတွေ ဆို မလဲတဲ့ သူ မရှိ သလောက် ပါပဲ။ ဒီနှစ် ဖြစ်တဲ့ ပုံစံက တခြား နှစ်တွေ ထက် နည်းနည်း ပို ဆိုး သလို ဖြစ် နေတယ်” လို့ ဇန်နဝါရီလ ၃ ရက်နေ့ အခြေအနေ ကိုလည်း ယင်း လူငယ်မှ သုံးသပ် ပြောကြား ပါတယ်။

ဒေသခံတွေကတော့ ကလေး-တီးတိန် လမ်းမပေါ်ရှိ ခရီးသွား ပြည်သူတွေ အနေနဲ့ ဒေသခံတွေရဲ့ အကြံပေးမှုနဲ့ အကူအညီကို ယူပြီး ဖြတ်သန်းသွားလာသင့်တယ်လို့ အကြံပြု ထား ကြပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ နှင်းခဲ အပေါ် ဆိုင်ကယ် ချော်လဲပြီး ထိခိုက် ပွန်းပဲ့ တဲ့ ခရီးသည် များစွာကို တီးတိန်မြို့နယ် ဆွောင်ပီးရွာ Dollam စခန်းနေ ဒေသခံများမှ ကူညီ ပေးနေရတယ် လို့ သိရှိခဲ့ရ ပါတယ်။

Dollam စခန်းဟာ တီးတိန်မြို့ကို ရောက်ဖို့ ၁၅မိုင် လောက် အလိုမှာ ရှိတဲ့ ကနေဒီတောင်ထိပ်အနောက်နားရှိ ကားလမ်းဘေး စခန်း တစ်ခု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *