ဒီဇင်ဘာလ ၅ ရက်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်၊အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း၊၎င်းတို့နဲ့အတူသေနတ် ၄ လက်နှင့် ခဲယမ်းများ ၊ Laptop Computer ၁ လုံး၊ဖုန်းတလုံးသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)က ဒီဇင်ဘာလ ၄ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။
ACDF တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
ACDF၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ များကအမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကိုဖမ်းမိခဲ့တာဖြစ် ကြောင်း၊စစ်သုံ့ပန်းများအားစနစ်တကျထိန်းသိမ်းထားပြီး ဒဏ်ရာရထားသူများကို ဆေးကုသပေးထားကာ ကျန်းမာရေး၊နေထိုင်စားသောက်ရေးကိစ္စများအား ဖြည့်ဆည်းဆောင်ရွက်ပေးနေ ကြောင်း ACDFထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေသအသီးသီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်အတွက်အသေခံတိုက်မည်လား၊ စစ်တပ်အားစွန့်ခွာကာ ပြည်သူများနှင့် ပူးပေါင်းမည်လားဆိုသည်ကို စဉ်းစားဆုံးဖြတ်ကြရန် ACDFနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်တွန်းထားပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က လက်ရှိမှာ တိုက်ခိုက်နေပြီး အမ်းမြို့က ကျန်ရှိတဲ့ စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ဆက်လက်တိုက်ခိုက်နေပါတယ်။
အမ်းမြို့မှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ကို ပြီးခဲ့တဲ့အောက်တိုဘာလကုန်မှာ မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်မှာ ချင်းကာကွယ်ရေးတပ်-အရှို(CDF – Asho)က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။