ဒီဇင်ဘာလ ၁၁ ရက်။
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ပေးအပ်တဲ့ Global Human Rights Defenders Award(လူ့အခွင့်အရေးကာကွယ်သူဆု)ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့က အစီအစဉ်ညွှန်ကြားရေးမှုးဖြစ်သူ Salai Mang Hre Lian (ဆလိုင်းမန်ဟရဲလျန် ) က ရရှိသွားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် Salai Mang Hre Lian ဟာ CHRO ရဲ့ လူ့အခွင့်အရေး မှတ်တမ်းပြုစုရေးအဖွဲ့ကို ဦးဆောင်ခဲ့ပြီး မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ ဆိုးရွာတဲ့ရက်စက်မှုတွေကို ဖော်ထုတ်ရာမှာ အဓိကတာဝန်ယူခဲ့ပါတယ်။
သူ့ရဲ့ဦးဆောင်မှုအောက်မှာ CHRO ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တခြား ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာအထောက်အထားတွေကို စနစ်တကျ သေသေချာချာ မှတ်တမ်းတင်ထားနိုင်ခဲ့ ကြောင်း၊ အဲ့ဒီ မှတ်တမ်းတင်ထားတဲ့ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာအထောက်အထားတွေဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်က ခေါင်းဆောင်တွေကို Universal Jurisdiction (UJ) ကိစ္စရပ်တွေအရအရေးယူဖို့ တွန်းအားပေးနိုင်ခဲ့တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆွေးနွေးမှုတွေနဲ့ နိုင်ငံတကာက အရေးယူ တုံ့ပြန်နိုင်ဖို့ ဖိအားပေးနိုင်ခဲ့ပါတယ် လို့ CHRO က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတကာလူ့အခွင့်အရေးပွဲနေ့မှာ လူ့အခွင့်အရေးကာကွယ်သူများဆုချီးမြှင့်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကိုယ်တိုင်တက်ရောက်ပြီး ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။
Salai Mang Hre Lian နဲ့အတူ လူ့အခွင့်အရေးကာကွယ်သူဆုကို Kuwait, Kyrgyz Rebublic, Bolivia, Ghana, Azerbaijan, Colombia နဲ့ Eswatini(Posthumous) စတဲ့နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချိန်ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် ဒီဆုကို မြန်မာနိုင်ငံအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့က Salai Mang Hre Lian ကို ချီးမြှင့်တာလည်းဖြစ်ပါတယ်။
Salai Mang Hre Lian ဟာ ဆယ်စုနှစ်များစွာကြာအောင် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု နဲ့ မြန်မာနိုင်ငံရေးမှာ လူငယ်နိုင်ငံရေးသမားတွေ ပါဝင်နိုင်ဖို့ အတွက် မဆုတ်မနစ် ကြိုးစားလုပ် ဆောင်ခဲ့သူဖြစ်တယ်လို့ CHRO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆလိုင်းမာန်ဟရဲလျန်က “ကျွန်တော်တို့ဟာ အမြဲတမ်းစိန်ခေါ်မှုတွေကြုံရတယ်။ စိန်ခေါ်မှုဘယ်လိုကြုံပါစေ ထားခဲ့လို့မရဘူး။ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် ကျွန်တော်တို့ ဖော်ထုတ်ပေးဖို့လိုတယ်။ ဒီလိုဆုချီးမြှင့်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများဖော်ထုတ်ရာမှာ ကျွန်တော့်အတွက်ပဲဖြစ်ဖြစ်၊ ချင်းလူ့အခွင့်အရေးအဖွဲ့အတွက်ဖြစ်ဖြစ် ခွန်အားဖြစ်စေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ ဒီမိုကရေရရှိရေးအတွက်၊ လူ့အခွင့်အရေးထွန်းကားရေးအတွက် ရန်တန့်လို့မရဘူး “လို့ မီဒီယာတွေရဲ့မေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။
ဆလိုင်းမာန်ဟရဲလျန်ဟာ ထိုင်းနိုင်ငံက Mahidol University မှာလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မဟာဘွဲ့ကိုရယူပြီးနောက် ချင်းလူ့အခွင့်အရေးအဖွဲ့မှာ အစီအစဉ်ညွှန်ကြားရေးမှုးအဖြစ်အချိန်ပြည့်ထမ်းဆောင်လျက်ရှိပါတယ်။
သတင်းမီဒီယာလောကတွင်လည်း ချင်းဘာသာဖြင့်ထုတ်ဝေတဲ့ မင်္ဂဇင်း၊ စာဆောင်များတွင် သတင်းထောက်၊ အယ်ဒီတာစသည်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်း(လိုင်) ဘာသာဖြင့် ထုတ်ဝေတဲ့ The Chinland Post သတင်းဌာနတည်ထောင်သူတွင်လည်း အဓိကဦးစီးပါဝင်ခဲ့သူဖြစ်ပါတယ်။ ချင်းမီဒီယာများစုဖွဲ့ထားတဲ့ ချင်းမီဒီယာကွန်ယက်မှာလည်း Advocacy Director အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။