Headlines

ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းအားလုံးကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီလို့ သိရ

ဒီဇင်ဘာလ ၉ ရက်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားက စစ်ကောင်စီရဲ့ အော်တိုတောင်စခန်းကို မနေ့ဒီဇင်ဘာလ (၈) ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဟားခါး – ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်နိုင်ပြီလို့ သိရပါတယ်။

စစ်ရေးအခြေအနေ သိရှိတဲ့သူတစ်ဦးက “မနေ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ ချင်းပြည်အစိုးရပူးပေါင်းအဖွဲ့က အော်တိုတောင်တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရနိုင်တယ်ဆိုတော့ ဒါကဟားခါး – ထန်တလန်ကြားကနောက်ဆုံး စကစ လက်ကျန်စခန်းဆိုတော့ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းတွေ ကင်းစင်ပြီလို့ပြောလို့ရတယ်” လို့ Chin World Media ကို ပြောပါတယ်။

ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အော်တိုတောင်စခန်းဟာ စစ်ရေးအရ အလွန်အရေးပါတဲ့ နေရာဖြစ်သလို စစ်ကောင်စီဘက်ကလည်း လက်မလွှတ်ရရေး လေကြောင်းကနေ အပြင်းအထန် ခုခံဗုံးကြဲတိုက်ခိုက်တဲ့ ကြားကနေ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

CNF/CNA ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က Jerico စစ်ဆင်ရေးအမည်နဲ့ ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို နိုဝင်ဘာလလ ၂၂ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစခန်း (၇)ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *