![](https://chinworld.org/wp-content/uploads/2024/11/62588033_2321476471453715_6715549763820847104_n.webp)
“အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များရဲ့ အခြေအနေဆိုးများကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒများတွင် အဓိကအပြောင်းအလဲများ လိုအပ်ပြီး ဒေသတွင်း လူသားချင်းစာနာမှု ပံ့ပိုးပေးသူများ၏ညှိနှိုင်းဆောင်ရွက်မှုများနှင့်အတူ ပိုမိုအားကောင်းဖို့လိုအပ်ပါတယ်”
By R. LAKHER |
မြန်မာစစ်အစိုးရရဲ့ ထိုးစစ်ဆင်မှု၊ ဖိနှိပ်မှု၊ ပဋိပက္ခများနဲ့ကျယ်ပြန့်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံတွင်းစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံသားများသည် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတာ
စစ်ဘေးရှောင် သောင်းဂဏန်းရှိနေတာပဲဖြစ်ပါတယ်။
အခုစစ်ဘေးရှောင်ရတဲ့ကာလလေးနှစ်နီးပါးဖြစ်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေရဲ့ အခြေအနေဟာပိုမိုပြီးကြပ်တည်းလာနေပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်အများစုဟာ အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြပြီး အဓိကအားဖြင့် Saiha, Lawngtlai,Champhai, Lunglei နဲ့ Aizawl ခရိုင်များမှာ ကျယ်ပြန့်စွာနေထိုင်ကြလျက်ရှိပါတယ်။
အခုအခါ မြန်မာနိုင်ငံကနေ အိန္ဒိယပြည်ကိုစစ်ဘေးရှောင်သူအရေအတွက်ဟာ ၅၀၀၀၀ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ကနဦးပိုင်းကတည်းက မီဇိုရမ်ပြည်နယ်အနေနဲ့ အိမ်နီးချင်းနိုင်ငံကထွက်ပြေးလာသူတွေကိုတိုင်းရင်းသားညီအစ်ကိုအဖြစ်အသိအမှတ်ပြုကာ ယဉ်ကျေးမှုဆိုင်ရာများတွင်လည်းနွယ်ယှက်တဲ့ လူမျိုးတူများအဖြစ်သဘောထားပြီး စစ်ကောင်စီရဲ့ထိုးစစ်ဆင်များကြောင့်ထွက်ပြေးရတဲ့ ချင်းဒုက္ခသည်တွေကို ကြိုဆိုခဲ့ပါတယ်။အခုအချိန်မှာ စစ်ဘေးရှောင်လူဦးရေလည်းတိုးပွားပြီး ဒေသခံအစိုးရ၊ အဖွဲ့အစည်းများရဲ့ထောက်ပံ့ကူညီပေးမှုဟာလည်း အချိန်ကြာမြင့်လာပြီဖြစ်တာကြောင့် ပံ့ပိုးမှုပိုင်းမှာကြပ်တည်းမှုများစွာရှိလာပါတယ်။ အထူးသဖြင့် မြို့ပေါ်တွင်မဟုတ်ပဲ ကျေးလက်ဒေသမှာစစ်ရှောင်သူများအနေနဲ့ စားဝတ်နေရေးမှာ ပိုမိုရုန်းကန်လာကြရပါတယ်။ ဒေသခံအစိုးရ၊အဖွဲ့အစည်းတွေအနေအနေနဲ့ စစ်ဘေးရှောင်များကို စတင်လက်ခံကတည်းကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် အစားအသောက်၊အဝတ်အထည်၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေသားကူညီမှုနဲ့ပညာရေးဆိုင်ရာသင်ထောက်ကူပစ္စည်းများထောက်ပံ့မှုများကိုပေးခဲ့ပါတယ်။
“ ဒီကိုရောက်တဲ့အစပိုင်းမှာတော့ ဆန်၊ အဝတ်အစား၊ အသုံးအဆောင်စသည်ဖြင့်ထောက်ပံ့မှုတွေကို အများကြီးရခဲ့ပေမယ့် အခုချိန်မှာတော့ ဒေသခံပြည်သူတွေဆီကဒီလိုပစ္စည်းတွေကို မရရှိတော့ပါဘူး၊ တစ်ခြား NGO အဖွဲ့ရဲ့ ထောက်ပံ့မှုလည်း အားနည်းတယ်။အကူအညီပေးနေသူတွေကတော့ အသင်းတော်တွေ၊ လူငယ်နဲ့အမျိုးသမီးအဖွဲ့အစည်းအပြင်ပြည်တွင်းမိတ်ဖက်များကတစ်ဆင့် သွယ်ဝိုက်လုပ်ဆောင်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကပေးနေတာဖြစ်ပါတယ်” လို့ Lawngtlai စစ်ဘေးရှောင်စခန်း၌အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးကပြော ပါတယ်။
ထိုသို့အကူအညီများရှိနေပေမယ့်လည်း အဖွဲ့အစည်းအချင်းချင်းကြား ပူးပေါင်းညှိနှိုင်းပြီးလိုအပ်တဲ့ အကူအညီကိုပေးနေတာမဟုတ်တဲ့အတွက် နှစ်ကြာလာတာနဲ့အမျှအကျပ်အတည်းပိုမိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။စစ်ရှောင်များအားအကူအညီပေးတဲ့အချို့အဖွဲ့အစည်းများကစည်းလုံးညီညွတ်ရေးအသင်းကွန်ယက် ကို ၂၀၂၃ ဇူလိုင်လကတည်းကဖွဲ့စည်းခဲ့ပေမယ့်လည်းအဆိုပါကွန်ယက်မှာ အဖွဲ့အစည်းများပူးပေါင်းပါဝင်မှုအားနည်းပါတယ်။ တစ်ဖက်မှာလည်းကုလသမဂ္ဂအေဂျင်စီများအနေနဲ့ မြေပြင်မှာ သွားရောက်ကွင်းဆင်းပြီး အကူအညီပေးရေး
လုပ်ဆောင်ရန် တရားဝင်လုပ်ပိုင်ခွင့်မရှိပေ။
အိန္ဒိယနိုင်ငံဟာ နှိပ်စက်ညှဉ်းပန်းမှုမှ ထွက်ပြေးလာသူများကို အကာအကွယ်ပေးရန်တရားဝင်လုပ်ဆောင်ရန် တာဝန်ဖြစ်တဲ့ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းကိုလက်မှတ်ရေးထိုးထားခြင်းမရှိသကဲ့သို့ နိုင်ငံအတွင်း ဒုက္ခသည်များဆိုင်ရာဥပဒေ(သို့) မူဝါဒလည်းမရှိပါဘူး။ ဒုက္ခသည်များကို တရားဥပဒေအရ နိုင်ငံအတွင်း နေထိုင်ခွင့်
ကန့်သတ်ချက်များထားရှိပါတယ်။ ဒါကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအဖြစ်ဖမ်းစီးခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခြင်းများအတွက် စိုးရိမ်ရပြီး အကန့်အသတ်ဖြင့်ထောက်ပံ့ရန် နဲ့အလုပ်အကိုင်ရှာဖွေမှုများတွင်လည်း အလွယ်တကူ အသုံးချခံကြရပါတယ်။ အိန္ဒိယအစိုးရဟာကာလကြာရှည်ပြိုင်ဖက်ဖြစ်တဲ့ တရုတ်လူမျိုးများရဲ့ ဖိနှိပ်မှုကနေလွတ်မြောက်လာတဲ့တိဗက်လူမျိုးများကို အခြားဒုက္ခသည်ဦးရေထက် နိုင်ငံအတွင်းလက်ခံနေရာချထားပေးလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံကနေ စစ်ဘေးတိမ်းရှောင်သူများကိုမူပထဝီနိုင်ငံရေးဖြင့် ပုံဖော်ဆက်ဆံပြီး နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံမှ စစ်အစိုးရကိုဆန့်ကျင်တိုက်ခိုက်လျက်ရှိတဲ့လက်နက်ကိုင်အဖွဲ့များနဲ့ဆက်ဆံရေးတွင်လည်းကောင်း၊စစ်ကောင်စီရဲ့အာဏာသိမ်းပိုက်မှုနောက်ပိုင်း စစ်အစိုးရနဲ့ဆက်ဆံရေးတွင်လည်းကောင်း
ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းအကြား စစ်ဘေးရှောင်ဒုက္ခသည်များအရေးအတွက်ပြတ်ပြတ်သားသားမရှိပဲ ချိတုံချတုံဖြစ်နေပါတယ်။
မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဖက်ကိုစစ်ဘေးတိမ်းရှောင်မှုများပြားလာပြီး တစ်ဆက်တည်းတွင် နယ်စပ်တစ်ဖက်နဲ့တစ်ဖက်ကြားတော်လှန်ရေး လက်နက်ကိုင်များနဲ့ရာဇဝတ်ဂိုဏ်းများဖြင့် ဆက်နွယ်တဲ့ လက်နက်၊မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုဟာလည်း အရှိန်အဟုန်ဖြင့် ဆိုးရွားလာခဲ့ပါတယ်။ဒါကြောင့် အိန္ဒိယအာဏာပိုင်များက ဒုက္ခသည်များကို biometric မှတ်ပုံတင်ခြင်းအစီအစဉ်နဲ့အနီးကပ်စောင့်ကြည့်ရန်လည်း ကြိုးပမ်းလာကြတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကိုမီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်မှာ မနှစ်က စတင်ခဲ့ပေမယ့်ဒေသခံများရဲ့ဆန့်ကျင်ကန့်ကွက်မှုကြောင့် မီဇိုရမ်ပြည်နယ်တွင် အစီအစဉ်မထိမြောက်ခဲ့ပေ။
ဒါပေမယ့် မကြာမီကာလများအတွင်း အိန္ဒိယအစိုးရအနေနဲ့ ချည်းကပ်မှုပုံသဏ္ဍန်ပြောင်းလဲမှုလက္ခဏာများရှိခဲ့ပါတယ်။အိန္ဒိယအစိုးရအနေနဲ့ အောက်တိုဘာလတွင် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးဆိုင်ရာဆွေးနွေးပွဲများအပါအဝင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့အများအပြားနဲ့ တိတ်တဆိတ်အပြုသဘောဖြင့် ထိတွေ့ဆက်ဆံရန် စတင်နေပြီလို့ကျတော့ရဲ့သတင်းရင်းမြစ်တစ်ချို့ဆီကသိရပါတယ်။ အသေးစိတ်အချက်အလက်များကိုကန့်သတ်ထားပေမယ့်လည်း မီဇိုရမ်ပြည်နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့နယ်စပ်ဖြတ်ကျော်ခရီးမှာ ရက္ခိုင့်တပ်မတော်နဲ့ ပွင့်လင်းမြင်သာစွာတွေ့ဆုံခဲ့ပြီး သံတမန်ရေးအရမဟာဗျူဟာ ပြောင်းလဲမှု ဖြစ်နိုင်ကြောင်းခန့်မှန်းရပါတယ်။ ထိုသို့တိုးတက်မှုများဟာအလားအလာကောင်းဖြစ်ပေမယ့်လည်း စစ်ဘေးရှောင်များအတွက် အလျှင်အမြန်ဖြေရှင်းရမယ့်ရေတို၊ ရေရှည် စိန်ခေါ်မှုအခက်အခဲများကတော့ ရှိနေဆဲပင်ဖြစ်ပါတယ်။
အခုအခါ မီဇိုရမ်ပြည်နယ်မှာ တရားဝင် ဒုက္ခသည်အေဂျင်စီများဆက်လက်မရှိခြင်းနဲ့လက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးပေးနေသူများကြားညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်းတို့အပြင် ဒေသခံအကူအညီပေးရေးအဖွဲ့များသည်လည်းငွေကြေးအရ ရုန်းကန်လာကြရပါတယ်။ အချို့အဖွဲ့အစည်းများမှ ပံ့ပိုးမှုအမြောက်အများပေးရန်ကျန်ရှိနေပေမယ့်လည်း အများစုမှာ လိုင်စင်များ (သို့) တရားဝင်ဘဏ်စာရင်းများမရှိကြပါ။အဲဒါကလည်း နိုင်ငံတကာအလှူရှင်များဆီက ငွေကြေးပံ့ပိုးမှုရရှိရန် ခက်ခဲစေပါတယ်။
ဥပမာအားဖြင့် မီဇိုရမ်အခြေစိုက် ချင်းရေးရာအင်စတီကျုက ဒုက္ခသည်ပညာရေးဆိုင်ရာကုလသမဂ္ဂအေဂျင်စီထံ စီမံကိန်းအဆိုပြုချက်ကို တင်သွင်းခဲ့ကြပေမယ့်လည်းကုလသမဂ္ဂအေဂျင်စီက မှတ်ပုံတင်ရှိတဲ့ အဖွဲ့အစည်းများနဲ့ မှတ်ပုံတင်ထားတဲ့ဘဏ်စာရင်းများမှာသာ ငွေလွှဲနိုင်တယ်လို့ တုံ့ပြန်တာတွေကြောင့်စီမံကိန်းအဆိုပြုလွှာများကိုပြန်လည်ရုတ်သိမ်းခဲ့ရပါတယ်။ Insititute of Chin Affair (ICA)၏အမည်ဖြင့်လည်းကောင်း၊ ဒေသအတွင်း အကူအညီပေးရေးအဖွဲ့များအနေဖြင့်လည်းကောင်းနိုင်ငံအသီးအသီးမှ မိမိဆွေမျိုး၊ အသိုင်းအဝိုင်းများထံမှ သီးသန့်အလှူငွေများလက်ခံရရှိနေပေမယ့်လည်း အဆိုပါငွေအင်အားဟာ သောင်းဂဏန်းရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များရဲ့လိုအပ်ချက်များအားလုံးကို မဖြည့်ဆည်းပေးနိုင်တဲ့အပြင် အထူးသဖြင့် နယ်စပ်ဖြတ်ကျော်
ချင်းတော်လှန်ရေးအဖွဲ့များနဲ့လည်း ရံပုံငွေအတွက် အပြိုင်အဆိုင်ဖြစ်နေရပါတယ်။
ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံသားဒုက္ခသည်များကိုတရားဝင်အသိအမှတ်ပြုလက်ခံခြင်းဖြင့် စတင်ဆောင်ရွက်သင့်ပါတယ်။
(ဤဆောင်းပါးသည် “ချင်းနိုင်ငံရေး၊ ဒုက္ခသည်အရေး နှင့် အိန္ဒိယ – မြန်မာဆက်ဆံရေး”ကိုအထူးပြုပြီး အိန္ဒိယနိုင်ငံ Kautilya School of Public Policy ကျောင်းတွင် ပြည်သူ့မူဝါဒမဟာဘွဲ့တက်ရောက်နေသူ R.Lakher ၏ဆောင်းပါးကို Frointier Myanmarတွင်ဖော်ပြခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် ဆီလျော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါတယ်)