Headlines

တမူးမြို့မှာ စစ်မှုထမ်းဖို့အိမ်တိုင်ရာရောက် စာပို့ခေါ်တာတွေကြောင့် ဒေသခံလူငယ်အများစုဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

ဒီဇင်ဘာလ ၁၀ ရက်။

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် စာပေးပို့ပြီးခေါ်နေတာကြောင့် ဒေသခံလူငယ်၊ လူလတ်ပိုင်းအားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တမူးဒေသခံတွေဆီက သိရပါတယ်။

တမူးမြို့နေဒေသခံတစ်ဦးပြောတာက “စစ်မှုထမ်းအပတ်စဉ် ၃ အထိတော့ စိတ်အားထက်သန်တဲ့သူတွေက သူတို့ဘာသာ သူတို့ နာမည်စာရင်းပေးပြီး ဝင်ကြတာဖြစ်တော့ အဲဒီအချိန်ထိ ဒေသခံတွေက စစ်မှုထမ်းနဲ့ပတ်သက်ပြီး သိပ်သတိမထားမိကြသေးဘူး အဲဒီနောက်ပိုင်းတော့ နာမည်စာရင်းတွေ အိမ်တိုင်ယာရောက် ကောက်တာတွေ ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ ပြန်လုပ်နေတာတွေကြောင့် လူငယ်တော်တော်များများ ထွက်ပြေးနေကြရတယ် ကျနော်မိတ်ဆွေထဲက ကလေး ၅ လသားအရွယ်ရှိတဲ့ ဖခင်ဆိုရင် နာမည်စာရင်းကောက်တဲ့ပါတော့ ပြီးခဲ့တဲ့ အရင်ရက်တွေကဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ် အခုတော်တော်လေး အခြေနေဆိုးတယ် လူငယ်တွေ အာလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ပြောပါတယ်။

အရင်ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ခံကတည်းက စစ်မှုထမ်းဖို့ အသက်အရွယ် ရှိသူစာရင်းတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ တိတိကျကျ စုံသလောက် ကောက်ယူနိုင်ခဲ့တာကြောင့် လူငယ်ရှိတဲ့ နေအိမ်တွေကို အိမ်တိုင်ရာရောက် စာပေးပို့ပြီး ခေါ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တမူးမြို့ဟာ အိန္ဒိယ – မြန်မာနယ်စပ်က နယ်စပ်မြို့တစ်ခုဖြစ်ပြီး ချင်းလူမျိုးအများအပြားနဲ့လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် ကျေးရွာဘက်က စစ်ဘေးရှောင်တွေ အများစု လာရောက်ခိုလှုံနေထိုင်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်သင်တန်းတွေကို ၂၀၂၄ ခုနှစ် မေလကနေ စတင်ပြီး စစ်မှုထမ်းအပတ်စဉ်သင်တန်းတွေကို လစဉ် ဆက်တိုက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိဒီဇင်ဘာလမှာ စစ်မှုထမ်းအပတ်စဉ် ၈ ဖွင့်ဖို့အထိ ရောက်ရှိနေပြီဖြစ်ကာ အပတ်စဉ် ၈ အတွက် ကြိုတင်လူစုဆောင်းနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *