Headlines

ချင်းအမျိုးသား Gin Mung ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်တဲ့နိုင်ငံတကာဆု ၁၁ ခု ရရှိထားတဲ့ မေတ္တာ ရုပ်ရှင် မြန်မာပြည်မှာ ပြသ

ဒီဇင်ဘာလ ၁၉ ရက် ။

မိဘမဲ့ကလေးများ ရံပုံငွေအတွက် ရိုက်ကူးထားသော ချင်းအမျိုးသား သရုပ်ဆောင် Gin Mung ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ပြီး နိုင်ငံတကာဆု (၁၁)ခုအထိ ရရှိထားသည့် မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၃ ရက် ကနေ ၁၉ ရက် အထိ ရန်ကုန်မြို့ နှင့် မြန်မာနိုင်ငံ တခြားမြို့ကြီးများရှိ မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံ တွေမှာ ပြသသွားခဲ့တယ် လို့ သိခဲ့ရပါတယ်။

မေတ္တာ ရုပ်ရှင်ဟာ Unbroken Ties မူရင်း ဝတ္တုကို အခြေခံပြီး ဒါရိုက်တာ Graham Streeter နှင့် တွဲဘက် ဒါရိုက်တာ ဂရေ့စ် ဆွေဇင်ထိုက် ရိုက်ကူး ပုံဖော်ထားကာ Madalay Production ကနေ ထုတ်လုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ သရုပ်ဆောင် တွေ အနေနဲ့ ဂင်မုန်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် တို့ အဓိက ပါဝင်ခဲ့ ပါတယ်။ မူရင်း ဝတ္ထုကိုမူ မေရီကေရပ် ဖောင်ဒီရှင်း တည်ထောင်ခဲ့သူ အန်တီမေရီ မှ “မေတ္တာ” ခေါင်းစဉ်ဖြင့် ရေသားခဲ့ပါတယ်။

လက်ရှိ အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကိုဂင်မုန်က “ပြီးခဲ့တဲ့ ၆ နှစ်ခန့်ကစပြီး ကိုယ့် လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ထင်ဟပ်စေမယ့် ဇာတ်ကားတွေကို ကိုယ့် community ရဲ့ထောက်ပံ့မှုနဲ့ ရိုက်ကူးခဲ့ပါတယ်” လို့ Chin World Media ကို ပြောကြားခဲ့ပါတယ်။

ချင်းအမျိုးသား၊ သရုပ်ဆောင်မင်းသား ဂင်မုန်ဟာ Audition ကနေတဆင့် မေတ္တာရုပ်ရှင် အတွက် ခေါင်းဆောင်မင်းသား အဖြစ် ရွေးချယ် ခံရခြင်း ဖြစ်ပြီး မေတ္တာ ရုပ်ရှင် ဇာတ်ကား နှင့် အတူ “Love Internation Film Festival” မှ ပေးအပ်တဲ့ “Best Actor Award” ရရှိထားပါတယ်။ ၂၀၂၃ မှာ”Numb” ရုပ်ရှင်ကားနဲ့ “Down Town Los Angeles Film Festival” ကနေလည်း “Best Actor Award” ဆု ရရှိထားပြီး လက်ရှိမှာ နိုင်ငံတကာ ဆု နှစ်ခု ရရှိထားပြီ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ရုပ်ရှင်မင်းသား ဂင်မုန်ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Thalmual ရွာသား ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ဖခင်ရှိရာ အမေရိကားပြည်ထောင်စုသို့ မိခင် နှင့် မောင်နှမများ နှင့်အတူ ပြောင်းရွေ့နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကနေ စတင်ပြီး သရုပ်ဆောင် အနုပညာ နယ်ပယ်မှာ စတင်ဝင်ရောက်ခဲ့ကာ အခုအခါ အနုပညာ သက်တမ်း ၁၆ နှစ် ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကိုဂင်မုန်ဟာ “Numb”, “Throne in the Center of the Heart”, မေတ္တာ (Unbroken Ties) နှင့် မကြာခင် ထွက်ရှိမယ့် “Exile” ရုပ်ရှင်တွေမှာ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ခဲ့သလို တခြား ဇာတ်ကားတွေမှာလည်း ဇာတ်ရံ များ အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

မေတ္တာ ရုပ်ရှင် ဇာတ်ကား ကနေ ရရှိတဲ့ အကျိုးအမြတ် အားလုံးကို မိဘမဲ့ ကလေးများ ကူညီ ထောက်ပံ့ဖို့ အသုံးပြုမယ် လို့လည်း သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *