Headlines

ချင်းပြည်အတွင်း စစ်ကောင်စီရဲ့ ၃ နှစ်ကြာ ရက်စက်မှု

“The need for stronger international action against the country’s military junta has never been greater.”





Salai Za Uk

မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခဟာ အစုအလိုက်၊ အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေရှိနေတာကြောင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ဦးဆောင်မှုဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အရေးတစ်ကြီးဆွေးနွေးမှုကို ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။


ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နာမည်ဆိုးကျော်ကြားတဲ့ ခြေမြန်တပ်မ(၇၇)၊ တပ်မ (၉၉) တို့အပါအဝင် တပ်သားအလုံးအရင်းနဲ့ စစ်ယာဉ်တန်းကြီးကိုစစ်ကောင်စီက ချင်းပြည်နယ်ကို စေလွှတ်ခဲ့ပြီး မကြာမီ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီးလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒါဟာ သမိုင်းတစ်လျှောက်
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှု ပထမဆုံးဖြစ်ပြီးအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ချက်ခြင်းရပ်တန့်ရန် ကောင်စီအနေနဲ့တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုဟာ ရပ်တန့်မှုမရှိပဲ အခုအချိန်အထိဆက်လက်ဖြစ်ပွားနေပါတယ်။


လက်ရှိမှာ မြို့လုံးကျွတ်ပျက်စီးပြီးဖြစ်တဲ့ ကျွန်တော့်ဇာတိနယ်မြေ ထန်တလန်မြို့ကိုစစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်ခဲ့ချိန်တုန်းက ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေအလုံးအရင်းနဲ့ ထပ်မံတပ်ဖြန့်ရောက်ရှိလာတာကို ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့လည်းပြည်သူတွေထံ သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ ထိုစဉ်က မြေပြင်နဲ့ လေကြောင်းဖြင့်ပါထန်တလန်မြို့ကို အရှိန်မြှင့်တိုက်ခိုက် လာမှုကြောင့် မြို့ခံလူဦးရေ ၁၀၀၀၀
ကျော်အလျှင်အမြန်ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ထိုသို့ ကနဦးကတည်းက ချင်းပြည်နယ်မှာ ထန်တလန်မြို့ ဟာအပြင်းအထန်အကြိမ်ပေါင်းများစွာ ပစ်မှတ်ထားတိုက်ခိုက်ခံရတာကြောင့်ပြည်သူတစ်ရပ်လုံးထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တစ်ချိန်က အေးချမ်းသာယာတဲ့
အသိုက်အဝန်းကနေ ယခုအခါမှာတော့ တစ်မြို့လုံး ပြာမှုန့်တွေ၊ အပျက်အစီးတွေနဲ့တစ္ဆေမြို့လိုဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့အပြင်းထန်ဆုံး စစ်ရေးအရ တိုက်ခိုက်မှုခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ သုံးနှစ်အတွင်းချင်းပြည်နယ်မှာ လေကြောင်းအသုံးပြုပြီး အမျိုးအစား၊ အချိုးအစားမတူညီတဲ့ ဗုံးများစွာကြဲချမှုတွေလုပ်ခဲ့ပါတယ်။ မှတ်တမ်းအရ ဗုံးပေါင်း ၁၂၀၀ ကျော်ကြဲချခဲ့ပြီး အလေးချိန်အားဖြင့်ပေါင် ၁၀၀၀ အထိရှိတဲ့ ဗုံးများအပါအဝင် အကြိမ်ပေါင်း ၅၀၀ ထက်မနည်းကြဲချခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုဟာ လူ့အသက်တန်ဖိုးများစွာထိခိုက်ပြီး အရပ်သားများစွာသေဆုံးခဲ့ရပါတယ်။သေဆုံးမှုမှာ ကလေးငယ် ၂၉ ဦးအပါအဝင် အရပ်သား ၁၀၈ ဦးထက်မနည်းသေဆုံးခဲ့ပြီးကလေး ၂၁ ဦးနဲ့အရပ်သား ၂၃၁ ဦးဒဏ်ရာရရှိခဲ့ကြရပါတယ်။ ပျက်စီးဆုံးရှုံးမှုများထဲမှာလည်းမရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အဦးများစွာလည်း ဖျက်စီးခံခဲ့ရပါတယ်။ စာသင်ကျောင်း၂၂ ကျောင်း၊ ဘုရားကျောင်း ၂၁ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၅ ကျောင်းနဲ့
ဆေးရုံ ၆ ရုံတို့အပါအဝင် အိမ်ခြေ ၄၇၀ ကျော်ပျက်စီးခဲ့ပါတယ်။ အဆိုပါ ပျက်စီးမှု၊အသက်သေဆုံးမှုများဟာ ချင်းပြည်သူများအပေါ် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာဘာနဲ့မှတိုင်းတာလို့မရနိုင်ပါဘူး။


ချင်းပြည်နယ်မှာဖြစ်ပွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်ကတည်းကချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှာ မှတ်တမ်းတင်ရေးသားတဲ့ ဦးဆောင်သူအနေနဲ့ကိုယ့်မွေးရပ်မြေနဲ့ ကိုယ့်လူမျိုးများအပေါ် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ထိုသို့ ရက်စက်ယုတ်မာမှုများကို မှတ်တမ်းတင်ခြင်းနဲ့ဖိလစ်ပိုင်နိုင်ငံအခြေစိုက် လူတိုင်းတရားစီရင်ပိုင်ခွင့် (Under Universal Jurisdiction in thephilippines) အောက်မှာအကျုံးဝင်တဲ့ မြန်မာစစ်အစိုးရအဖွဲ့ဝင်များကို ရာဇဝတ်မှုဆိုင်ရာတိုင်တန်းမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။


စစ်ကောင်စီတပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုခြင်းဟာ ၎င်းတို့ရဲ့အကြမ်းဖက် စစ်ဆင်ရေးမှာ အဖျက်စွမ်းအားအကောင်းဆုံးလက်နက်ဖြစ်ပြီးမြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားများကို မရေမတွက်နိုင်တဲ့သေဆုံးပျက်စီးမှုကိုဖြစ်ပေါ်နေစေပါတယ်။ ထိုသို့ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုများကိုစွမ်းဆောင်နိုင်ဖို့အတွက် လေကြောင်းလောင်စာဆီဆက်လက်အထောက်အပံ့ရနေခြင်းကြောင့်ဖြစ်ပါတယ်။ ထိုသို့လေကြောင်းတိုက်ခိုက်နိုင်မှုရဲ့အထောက်အပံ့အရင်းအမြစ်ကို လက်လှမ်းမီနိုင်မှ လေကြောင်းတိုက်ခိုက်မှုကိုဟန့်တားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖျက်စီးမှုအတိုင်းအတာကို ကန့်သတ်ရန်၊နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများကို တားစီးရန် လေကြောင်းလောင်စာဆီရောင်းချမှုနဲ့ထောက်ပံ့မှုများကို ပစ်မှတ်ထားကာ ကျယ်ကျယ်ပြန့်ပြန့် အရေးယူမှုအရေးတကြီးလိုအပ်ပါတယ်။ အချို့နိုင်ငံတကာအသိုက်အဝန်းများအနေနဲ့ထိုသို့လုပ်ဆောင်လာကြပါတယ်။ ယူကေ၊ အမေရိကန်၊ ကနေဒါနိုင်ငံတို့အနေနဲ့လေကြောင်းလောင်စာဆီကုမ္ပဏီများနဲ့ စစ်ကောင်စီရဲ့ စက်ယန္တယားအားအသုံးပြုနေကြတဲ့ စီးပွားရေးသမားများအပေါ် ပိတ်ဆို့အရေးယူမှုလုပ်ဆောင်လာကြတာကိုကြိုဆိုရမှာဖြစ်ပါတယ်။

ထိုသို့ ပိတ်ဆို့မှုများဟာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန်လိုအပ်တဲ့ လောင်စာဆီများ စစ်ကောင်စီထံ မရောက်ရှိနိုင်ရေးကိုဖြတ်တောက်မှုများဆောင်ရွက်ရန်မှာ အရေးကြီးဆုံး ပထမခြေလှမ်းဖြစ်ပါတယ်။ သို့ပေမယ့်
လေကြောင်းလောင်စာဆီအပေါ် ပိတ်ဆို့အရေးယူမှုတစ်ခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။နိုင်ငံတကာကနေ ရာဇဝတ်မှုကျူးလွန်ဖို့ကြိုးကိုင်ခြင်း၊ ပံ့ပိုးကူညီခြင်းများမှာပါဝင်နေတဲ့စစ်တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ အရပ်ဖက်မှ ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူမှုများတိုးချဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူမှုများကို နိုင်ငံတကာကတိုးချဲ့လုပ်ဆောင်လာနိုင်လျှင် စစ်အစိုးရရဲ့ သားကောင်ဖြစ်သွားသူတွေ၊အသက်ရှင်ကျန်ရစ်သူတွေအတွက် ခွန်အားတစ်ခုဖြစ်စေမှာ ဖြစ်ပြီး နိုင်ငံတကာအနေနဲ့တရားမျှတမှုအတွက် ဆောင်ရွက်မှုများမှာ နှေးကွေးနေနိုင်သော်လည်း အရပ်သားများရဲ့ဆင်းရဲဒုက္ခများကြုံတွေ့နေရမှုတွေကိုလျစ်လျူရှု၍မရပေ။ အကြမ်းဖက်မှုကျူးလွန်ရာတွင်ကွပ်ကဲသူ ခေါင်းဆောင်များရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများအတွက်စစ်ကောင်စီက တာဝန်ခံမှာဖြစ်ပါတယ်။ ယခုပဋိပက္ခကြောင့် သေဆုံးမှု၊ပျက်စီးမှုကိန်းကဏန်းများဟာ ပြည်သူများရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ခံနိုင်ရည်ရှိဖို့အလွန်ပင်ကြီးမားလေးလံတဲ့ အရေးဖြစ်ပါတယ်။ သေဆုံးသူများရဲ့ အလောင်းကိုရေတွက်ခြင်း၊လက်လှမ်းမမီတော့တဲ့ အသေအပျောက်များနဲ့ ပြည်သူအပေါ်စစ်အစိုးရရဲ့ မညှာမတာတိုက်ခိုက်မှုများကြောင့် ကျယ်ပြန့်တဲ့ ပျက်စီးဆုံးရှုံးများအကြား အရပ်သားပြည်သူများအနေနဲ့လက်ပန်းကျရပါတယ်။


ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေဟာ အတိုင်းထက်လွန်ဘေးဒုက္ခပေါင်းစုံကိုခံစားနေကြရပါပြီ။ ဒါကို အဝေးက ဒေါသဖြင့်လည်းကောင်း၊ကိုယ်ချင်းစာကြောင်း ဖော်ပြရုံဖြင့် မလုံလောက်ပါဘူး။ အခုအချိန်ဟာ စစ်အစိုးရရဲ့စစ်ယန္တယားကို ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် မြန်မာပြည်သူများနဲ့အတူ
ရပ်တည်ရန်နဲ့ ပြတ်ပြတ်သားသား အရေးယူရတော့မယ့်အချိန်ဖြစ်ပါတယ်။


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကျွန်တော်တို့ရဲ့ ခံနိုင်ရည်နဲ့ စိတ်ဓာတ်များဆက်လက်တည်မြဲနေမှာဖြစ်ပေမယ့်လည်း ကျွန်တော်တို့တစ်ဦးတည်း၊တစ်ဖွဲ့တည်းနဲ့လုပ်ဆောင်နိုင်မှာမဟုတ်တာကြောင့် ကမ္ဘာကြီးက ကျွန်တော်တို့နဲ့အတူ ရပ်တည်ဖို့ယခင်ကထက်ပိုမိုလိုအပ်လာပြီဖြစ်ပါတယ်။


Salai Za Uk

Three Years of Atrocities in Myanmar’s Chin State / The Diplomat

November 10

Salai Za Uk is Deputy Executive Director of the Chin Human Rights Organization.

Leave a Reply

Your email address will not be published. Required fields are marked *