Headlines

ကလေးမြို့မှ ချင်းတောင်သို့ ဆန်အိတ်များ သယ်ဆောင်ခွင့် ပိတ်ပင်မှု ၃ လကျော်လာပြီ ဖြစ်သော်လည်း ဖြေလျော့ခြင်း မရှိသေးကြောင်းသိရ

ဒီဇင်ဘာလ ၁၁ ရက်။

ကလေးမြို့မှ ချင်းတောင်သို့ ဆန်အိတ်များ အိတ်အလိုက်သယ်ဆောင်ခွင့်ကို ဩဂုတ်လ ကစပြီး စစ်ကောင်စီတပ်ဂိတ်မှ ပိတ်ပင်ခဲ့တာ ၃ လကျော်လာပြီ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ အပြည့်အဝ ဖြေလျော့ ပေးခြင်း မရှိသေးကြောင်း ကလေးမြို့ ဒေသခံတွေ ဆီမှ သိရှိရပါတယ်။

“ဆန်အိတ်တွေ သယ်ယူခွင့် ပြုလိုက် ပါပြီ ဆိုတဲ့ အမိန့် ကြေငြာချက်မျိုး အခုထိ မရှိသေးဘူး။ ဒါပေမယ့် အရင်လို တင်းတင်းကြပ်ကြပ် တားမြစ်တာမျိုး တော့ မလုပ်တော့ဘူး” လို့ ကလေးမြို့မှ ယာဉ်မောင်းတစ်ဦးက Chin World ကို ပြောပြပါတယ်။

“ဆန်အိတ်မိရင် ကားပေါ်ကနေ ပြန်ချခိုင်း တာမျိုး ရှိတတ်တယ်။ တခါတလေဆို မြို့ထဲကို ပြန်ပို့ ခိုင်း လိုက်တယ်။ လုံခြုံတဲ့ အိမ် တစ်ခုခု မှာ ပြန်ချပြီးမှ တောင်ပေါ် တက်ခွင့် ပြုတယ်။ ဒီရက်ပိုင်း မှာတော့ တချို့ ကားတွေ ပြန်သယ် လာကြတယ်။ ဒါပေမယ့် ခွင့်ပြုပြီ ဆိုပြီး ပြောတာမျိုး တော့ မကြားရသေးဘူး” လို့ လည်း ယင်း ယာဉ်မောင်းမှ ဆက်လက်ပြောကြား ခဲ့ပါတယ်။

ချင်းတောင်ကိုဆန်သယ်ယူခွင့်ကန့်သတ်ခြင်းကြောင့် ကလေးမြို့မှာ ကျပ် တစ်သိန်း နှစ်သောင်း ပေးရသော ဧရာမင်း ကော်ချက်မွှေး ဆန်တစ်အိတ်ကို ချင်းပြည်နယ် တီးတိန်မြို့မှာကျပ် တစ်သိန်းခုနစ်သောင်းခန့် ပေးဝယ်ရတယ်လို့ တီးတိန်မြို့ခံ တစ်ဦးက ပြောပြပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်ကနေ စပြီး ချင်းတောင်သို့ ဆန်၊ ဆေးဝါး နှင့် စားသောက်ကုန်များကို စစ်ကောင်စီစစ်တပ်မှ ကလေး တက္ကသိုလ် မုခ်ဦးရှေ့ ၈မိုင်ဂိတ် ကနေ တင်းကြပ်စွာ စစ်ဆေးပြီး ဆန်ကိုအိတ်လိုက်သယ်ယူဖို့တားမြစ်ကန့်သတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *