Headlines

ရေနစ်သေဆုံးသွားတဲ့ ပလက်ဝမြို့နယ်က စစ်ရှောင်ခရစ်ယာန်ဓမ္မဆရာတစ်ဦးရဲ့ အလောင်းပြန်ရှာမတွေ့သေးဘူးလို့သိရ

နိုဝင်ဘာလ ၂၆ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဘောင်းဝီးကျေးရွာနေ ခရစ်ယာန်ဓမ္မဆရာတစ်ဦးဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ဘက်ကို စစ်ဘေးရှောင်ဖို့သွားစဉ် ကုလားတန်မြစ်ထဲမှာစက်လှေပေါ်က ပြုတ်ကျတဲ့ သမီးဖြစ်သူကို ကယ်ဆယ်ရင်း ရေနစ်ပြီးတော့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “သူတို့က အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့သွားတာ ကုလားတန်မြစ် အထက်ဘက်က ရေစီးကသန်တယ်ဗျ အဲဒီဘက်မှာသူတို့စီးတဲ့ စက်လှေ ပန်ကာကကျိုးသွားတယ် ပန်ကာကျိုးသွားတဲ့ခါကျတော့ စက်လှေကမောင်းလို့မရတော့ဘူး ရေစီးအတိုင်းမျောတယ် ရေစီးကသန်တဲ့ခါကြတော့ လှေကမှောက်ပြီးတော့ သမီးကအောက်ကိုပြုတ်ကျသွားတယ် ပြုတ်ကျတဲ့သမီးကို သူ့အဖေကသွားကယ်ရင်းနဲ့ ရေနစ်ပြီးတော့သေသွားတယ် သမီးကတော့ ဘာမှမဖြစ်ဘူး။ အခုချိန်ထိတော့ အလောင်းကိုမတွေ့ရသေးဘူး” လို့ပြောပါတယ်။

မိသားစုအလိုက် ထွက်သွားလို့မရတာကြောင့် ရေနစ်သေဆုံးသွားတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ အမျိုးသမီးက လွန်ခဲ့တဲ့လေးရက်လောက်ကစလို့ ရွာကနေ အရင်ထွက်သွားပြီး သူ့သမီးနဲ့သူကတော့ ၄ ရက်ခြားပြီးမှ လိုက်လာတာလို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိရေနစ်သေဆုံးသွားတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ အလောင်းကိုတော့ ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးဘူးလို့လည်း ပလက်ဝဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)က ဘောင်းဝီးကျေးရွာဝန်းကျင်မှာ ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေ ခဏခဏလုပ်တာတွေကြောင့် ဘောင်းဝီးရွာက ဒေသခံအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးကြသလို တချို့က ရန်ကုန်ဘက်ကို ထွက်ပြေးကြတာမျိုးရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *