နိုဝင်ဘာလ ၂၂ ရက်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတောင်ယာသွားစဉ် မြေမြုပ်မိုင်းနင်းမိလို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားသူဟာ ဟားလာဝကျေးရွာနေ ကျောင်းဆရာမ ဒေါ်နိုင်နိုင်ဝင်းလို့ သိရပြီး ဒီကနေ့ မနက်ပိုင်းတောင်ယာသွားလမ်းမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဝေးကနေ သိရတာကတော့ မိုင်းနင်းမိလို့ သေဆုံးသူက ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကျောင်းဆရာမတစ်ဦးလို့ သိရတယ်၊ အိမ််ထောင်သည်အမျိုးသမီးလည်းဖြစ်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင််း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀၃ ဦး အထိရှိခဲ့ပြီး မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ကမ္ဘာမှာထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေးအဖွဲ့ ( ICBL) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။