Headlines

မရာနယ်မြေအတွင်းက (NGOsINGOs)တွေ ဒေသန္တရအုပ်ချုပ်ရေးဌာနကို နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား သတင်းပို့်ဖို့ MTC အသိပေး

အောက်တိုဘာလ ၂၂ ရက်။

ချင်းပြည်နယ်၊မရာနယ်မြေအတွင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း (NGOs/INGOs) တွေအနေနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

(NGOs/INGOs) အနေနဲ့လုပ်ငန်းစီမံကိန်းတွေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်းပေးပို့မှုတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့်စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးစွဲမည့်ရန်ပုံငွေ၊ ပံ့ပိုးတဲ့အဖွဲ့အစည်းတွေကို သတင်းပို့ရန်လိုအပ်တယ်လို့ ဆိုထားပြီး လက်ရှိကာလမှာ မလိုလားအပ်တဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ တရားမဝင်ဆေးဝါးသယ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ သတင်းပေးပို့ခြင်းမရှိတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို လှုပ်ရှားသွားလာခွင့် ပြုမှာမဟုတ်ကြောင်းကိုလည်း သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် မရာနယ်ပြည်သူတွေအနေနဲ့ လူစုလူဝေးဖြင့် ပွဲကျင်းပခြင်း၊ ဘာသာရေးဆိုင်ရာ ပွဲတော်များကျင်းပခြင်း၊ လူမှုရေးဆိုင်ရာပွဲကျင်းပခြင်း ကျောင်းပွဲလမ်းသဘင်ကျင်းပခြင်းတွေကို ပြုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ တိုက်နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးရုံးများမှတဆင့် ပြည်ထဲရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာနကို ခွင့်ပြုချက်တောင်းခံကြရန်နဲ့ ခွင့်ပြုချက်ရမှသာ ကျင်းပကြရန် အသိပေးထားပါတယ်။

MTC/MDF အနေနဲ့ လုံခြုံရေးအတွက် ပြင်ဆင်နိုင်ရန်နှင့် လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်းနဲ့ ကြိုတင်ခွင့်ပြုချက်တင်ပြခြင်းမရှိတဲ့ ပွဲလမ်းသဘင်တွေကို ကျင်းပရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *