Headlines

မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က မနေ့ကမီးရှို့ခဲ့

အောက်တိုဘာလ ၂ ရက်။

ချင်းပြည်နယ် မင်းတပ်မြို့အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲကစလို့ မင်းတပ်၊ မတူပီလမ်းမကြီးတစ်လျှောက်က အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ ကျော် ကို မနေ့ အောက်တိုဘာလ ၁ ရက်နေ့ မှာ ညနေ ၃ နာရီ ဝန်းကျင်ကနေ ၆ နာရီကျော်အထိစစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတပ်ဒေသခံ ၁ ဦးက “မင်းတပ်မြို့ သိမ်းမယ်လို့ သတင်းကြားပြီး သူတို့ယူထားတဲ့ဘန်ကာတွေ၊ ခံစစ်ကုန်းတွေကနေ ပစ်ကွင်းရှင်းတဲ့အနေနဲ့ ရှို့နေကြတာပါ တခါတလေ မင်းတပ်ကရဲဘော်တွေနဲ့ ထိတွေ့မှုရှိလို့ သူတို့ဖက်ကအကျအဆုံးတွေရှိတိုင်း ငါတို့လူကျရင် မင်းတို့မြို့ပြာကျသွားမယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာမျိုးလဲရှိတယ်။ ပြီးတော့ ပြည်သူအချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ကို သွေးခွဲချင်တဲ့ အနေနဲ့ လုပ်နေတာလည်းဖြစ်နိုင်တယ်။မြို့ကိုမီးရှို့ပြတော့ တချို့ပြည်သူတွေက အိမ်တွေမီးလောင်ကုန်မှာစိုးပြီး မြို့တွင်းတိုက်ပွဲမဖြစ်စေချင်တဲ့သဘော ဆိုရှယ်မီဒီယာကနေရေးနေပြော နေကြတာတွေလည်း ရှိတယ် “လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၇၄ တပ်ရင်းကနေဆီတွေကို ဆိုင်ကယ် ၃ စီးနဲ့သယ်ပြီး တစ်အိမ်တက်ဆင်း မီးရှို့ခဲ့တာလို့ သိရပြီး မီးငြိမ်းကူဖို့လာတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေက သေနတ်တွေနဲ့လှမ်းပစ်နေတာကြောင့် အနားကပ်ခွင့်မရနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က သြဂုတ်လ၊ စက်တင်ဘာလ (၂) လအတွင်းမှာ မင်းတပ်မြို့က အရပ်သားနေအိမ် ၃၆ လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ Chin Defence Force – Mindat (CDF – Mindat) က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *