စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလ အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိခဲ့ကြောင်း သုတေသနလုပ်ငန်းများဆောင်ရွက်နေတဲ့ Data for Myanmar က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူများမှာ Facebook ပေါ်မှာ ရေးသားမျှဝေခြင်း၊ Tik Tok, Telegram နှင့် Viber မှာ ဝေဖန်ရေးသားခြင်းနှင့် စစ်ဆေးရေးဂိတ်များမှာ ရှောင်တခင် ဖုန်းများစစ်ဆေးခြင်းကြောင့် ဖမ်းဆီးအရေးယူခံရခြင်းများဖြစ်ကြောင်း၊ အမျိုးသား ၁၀၇၈ ဦး၊ အမျိုးသမီး ၆၁၃ ဦး ဖမ်းဆီးခံထားရပြီး၊ဖမ်းဆီးခံရသူများထဲမှာ ရန်ကုန်နှင့်မန္တလေးမြို့တွင် နေထိုင်သူများမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်ကြောင်း အများဆုံးဖြစ်ကြောင်း Data For Myanmar ထုတ်ပြန်ချက်အရသိရပါတယ်။
လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ပြောဆိုရေးသားခြင်း၊ လူထုလှုပ်ရှားမှုအားထောက်ခံခြင်းစသည့် အချက်များကြောင့် ၂၀၂၂ ခုနှစ်မှာ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၅ ဦးနှင့် ယခုနှစ် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ၂၀၂ ဦး၊ စုစုပေါင်း ၁၆၉၁ ဦးအထိ ဖမ်းဆီးခံခဲ့ရကြောင်း Data For Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်မှာ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) ပုဒ်မ ၅၀၅(က) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေများဖြင့်အရေးယူခံရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။