ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာနေရာအနှံ့အပြား ရေကြီးရေလျှံမှုဘေးအန္တရယ်ကျရောက်တာကြောင့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို ကူညီပံပိုးပေးကြဖို့နဲ့ ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့်တိုက်ရိုက်ပံ့ပိုးပေးဖို့တောင်းဆိုကြောင်းချင်းအမျိုးသားတပ်ဦး (CNF)၊KNPP၊ KNU နဲ့ MoHADM – NUG(အမျိုးသားညီညွတ်ရေးအစိုးရ)တို့က ပူးတွဲပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ရေဘေးသင့်ပြည်သူတွေအားလုံးကို အညီအမျှရရှိစေရန် ဆောင်ရွက်ပေးဖို့၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးက လူသားစာနာဝန် ကြီးဌာနတာဝန်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့၊ နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ပေးဖို့ တို့ကို တောင်းဆိုထားပြီး၊ဒါ့ပြင် ရေဘေးသင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသာမက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်တွေကို ရေတိုရေရှည်ပံ့ပိုးကူညီခြင်း၊ တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သက်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအလှူဒါန်းမှုများရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း ရေဘေးသင့်ပြည်သူတွေကို ထောက်ပံံ့လူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း ၊ လူသားခြင်းစာနာမှုဦးစားပေး အခြေခံမှုကို လက်ကိုင်ထားပြီး ထိခိုက်လွယ်အုပ်စုများရဲ့ လိုအပ်ချက်များကို ထည့်သွင်း ကူညီပံံ့ပိုးကူညီခြင်း၊ အကူအညီများအလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် စီမံခန့်ခွဲပေးခြင်းနှင့် စနစ်တကျ စောင့်ကြည့် ကွပ်ကဲခြင်းများမှာအတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ CNF၊ KNPP၊ KNU နဲ့ MoHADM – NUG တို့က ပူးတွဲပြီး ထုတ်ပြန်ထားပါတယ်။
တိုင်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် နိုင်ငံအဝှမ်း ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ တနိုင်ငံလုံးမှာ ဒေသခံပြည်သူ ၂၂၆ ဦးသေဆုံးပြီး ၇၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကောက်ယူတဲ့ စာရင်းကို စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။