ချင်းပြည်နယ် မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီးက တောင်ဘက်ခြမ်းမှာ အသက် ၆၀ ဝန်းကျင်ရှိ သက်ကြီးရွယ်အိုအမျိုးသမီး တစ်ဦး ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မနက်ပိုင်းမှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီက သိရပါတယ်။
မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီး တောင်ဘက်ခြမ်းမှာ ခြံထဲပိန္ဒဲသီးခူရင်း အသက် ၆၀ ဝန်းကျင် အဖွားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်လို့ မင်းတပ်မြို့သတင်းတွေ ဖော်ပြတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာ ဒရုန်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် က သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုစစ်ရေးအရ တင်းမာမှုရှိနေတဲ့ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းအန္တရယ်ကင်းဝေးအောင် ဒေသခံတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့လည်း လိုအပ်တယ်လို့ ဒေသခံအချင်းချင်း အသိပေးကြတာမျိုးလည်း ရှိပါတယ်။
၂၀၂၁ ခုနှစ်မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၃ နှစ််အတွင်း ချင်း ပြည်နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ချင်းလူမျိုး ၃၆ ဦး သေဆုံးခဲ့ရပြီး ၆၆ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။