Headlines

ဖမ်းထားတဲ့ ယာဉ်မောင်း ၁၃ ဦးကို သြဂုတ်လ ၂၃ ရက်နေ့ကျရင်ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်တွေကို ချိုးဖောက်မှု၊ ပြည်သူလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်တဲ့ ရဲဘော်တွေကို ရိုက်နှက်ဆဲဆို အကြမ်းဖက်တာတွေကြောင့် ဇူလိုင်လ ၈ ရက်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်ယာဉ်မောင်း ၁၃ ဦးကို ပြစ်ဒဏ် ၄၅ ရက်ပြည့်မယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ဒေသခံတချို့ဆီက သိရပါတယ်။

ကလေးခရိုင်၊ကလေးဝမြို့နယ် မဟာမြိုင်လမ်းပေါ်က အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လဆန်းကစလို့ ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့စဉ် ယင်းလမ်းပေါ်မှာ စစ်ရေးအခြေအနေအရ ဖြတ်သန်းခွင့် ၁ လ အကြာ ပိတ်ခဲ့ရာတိုက်ပွဲနဲ့ သုံးမိုင်အကွာမှာ ကုန်တင်ယာဉ်အစီး ၃၀၀ နီးပါး ပိတ်မိခဲ့တယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ ၈ ရက်က တားမြစ်ဧရိယာကို ကုန်ကားတွေ မောင်းနှင်လာလို့ တားဆီးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ယာဉ်မောင်းတွေက ကိုယ်ထိ လက်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ပြစ်မှုကျူးလွန်တဲ့ ယဉ်မောင်း ၁၃ ဦးကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နှိပ်စက်ညှဉ်းပန်းခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားပြီး ၄၅ ရက် ပြစ်ဒဏ်ပြည့်မြောက်တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှသာ ပြန်လွှတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ဇွန်လဆန်းကစလို့ ကားလမ်း လချီပိတ်မိလို့ ကလေးမြို့အတွင်း အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးတွေ အဆမတန် စျေးမြင့်ခဲ့သလိုကုန်ပစ္စည်းတချို့ ပြတ်လပ်ခဲ့တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *