Chinland Council ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ တွန်းဇံမြို့မှာ Seventh Day Adventist အသင်းတော်မှ ဖွင့်လှစ်သည့် စာသင်ကျောင်း တစ်ခုသာ လက်ရှိ အချိန်ထိ ဖွင့်လှစ် နိုင်ခဲ့ပြီး Catholic အသင်းတော်မှ လည်း စာသင်ပေးနိုင်ရန် အတွက် ပြင်ဆင်နေတယ်လို့ တွန်းဇံမြို့ ဒေသခံ တစ်ဦးက Chin World Media ကိုပြောပါတယ်။
“SDA အသင်းတော်က သူတို့ အသင်းတော်ရဲ့ စာသင်ကျောင်းကို ဇွန်လ ၁၆ ရက်နေ့က စပြီး ပြန်ဖွင့်ခဲ့တယ်။ တခြား ဘာ စာသင်ကျောင်းမှ ထပ် မဖွင့်နိုင်သေးဘူး။ အဲဒီ ကျောင်းမှာတော့ ကျောင်းသား ၁၄၀ ကျော် တက်ရောက် နေပါတယ်။ ၇ တန်းထိ ဖွင့်ထားတယ်။ Catholic အသင်းတော်က လည်း ၄ တန်းထိ ကို စာသင်ပေးဖို့ ပြင်ဆင်နေတယ်လို့ ကြားခဲ့ရပေမယ့် ဘယ်နေ့ က စပြီး ဖွင့်မယ် ဆိုတာ မသိရသေးဘူး” လို့ တွန်းဇံမြို့ခံတစ်ဦးကပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF/A )ဦးဆောင်တဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုမှ တွန်းဇံမြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများ ရပ်တန့်ခဲ့ရပြီး တွန်းဇံမြို့က ကျောင်းသား/သူမိသားစုများစွာနဲ့၊ကျောင်း ဆရာ/ဆရာမ များလည်း ထွက်ပြေး တိမ်းရှောင်နေခြင်းကြောင့် စာသင်ကျောင်းများ ဖွင့်လှစ် နိုင်ဖို့အခက်အခဲများစွာရှိနေကြောင်းတွန်းဇံမြို့ဒေသခံက ဆက်လက် ပြောကြားခဲ့ ပါတယ်။
တွန်းဇံမြို့မှာ အထက်တန်းကျောင်း တစ်ခု၊ အလယ်တန်း ကျောင်း တစ်ခု နှင့် မူလတန်းကျောင်း နှစ်ကျောင်း၊ စုစုပေါင်း ကျောင်း ၄ ခု ရှိခဲ့ပြီး ပြီးခဲ့သည့် စာသင်နှစ်တွင် ကျောင်းသား ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် CDF-Tonzang မှ စာသင်ကျောင်းစောင့် စစ်ကောင်စီ စစ်သားများကို တိုက်ခိုက်လိုက် ခြင်း ၊၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်အထက်တန်း
ကျောင်းရှိ စာသင်ကျောင်းဆောင် မီးရှို့ခံခဲ့ရခြင်း တို့ကြောင့် စာသင်နှစ် မကုန်ခင် ကျောင်းသား ဦးရေ ထက်ဝက် နီးပါး ကျသွားခဲ့ကြောင်း၊ လက်ရှိတွင်လည်း ကျောင်းသားမိဘ အများစုဟာ ကလေးများ ကျောင်းတက်နိုင်တဲ့ တခြားနေရာများတွင် ခိုလှုံပြီး ကျောင်းတက်စေခဲ့ကြောင်း ဒေသခံများထံမှ သိရှိခဲ့ရပါတယ်။
လက်ရှိမှာ တွန်းဇံမြို့သိမ်း တိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့တဲ့ မြို့ခံ တစ်ဝက် နီးပါး ဒေသကို ပြန်လည် ရောက်ရှိ နေထိုင်နေကြပြီလို့လည်း သိရှိရပါတယ်။