Input your search keywords and press Enter.

ပလက်ဝမြို့ကို တပ်မတော်လုံခြုံရေးယူပြီး ဆန်အိတ်ပေါင်း ၁၇၀၀ ပို့ဆောင်ပေးနေပြီ

Salai Khup Khup

ပလက်ဝမြို့ ကို ဆန်အိတ် ၁၇၀၀ အိတ်အပြင် အခြားစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း အချို့ကို ကုန်တင်ကားအစီး ၂၉ စီးနှင့် တပ်မတော်လုံခြုံရေးယူကာ ပို့ဆောင်နေပြီ ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “မနေ့ကတည်းက စပို့နေတယ် ရောက်တာတော့မရောက်သေးဘူး လမ်းလုံခြုံရေး အခြေအနေအရ ဖြည်းဖြည်းဘဲ သွားနေရတော့ ဒီနေ့တော့ ရောက်မယ်ထင်တယ် ဒါမှမဟုတ် မနက်ဖြန်တော့ ရောက်မယ်ထင်တယ် ဒီနေ့ရောက်အောင်လည်း ကြိုးစားနေပါတယ်။ ကား ၁၂ စီးနဲ့ ဆန်အိတ် ၁၇၀၀ ပါတယ် နောက်ပြီး ဒေသ ကုန်သည်တွေ ဆောက်လုပ်ရေး ကိစ္စအတွက် ဘိလပ်မြေ သံ၊ သံချောင်း အပြင် အခြား စားနပ်ရိက္ခာအပြင် အဝတ်အထည်တွေလည်း သည်သွားတယ် အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ ကား ၁၇ စီးနဲ့သယ်တယ် စုစုပေါင်း ကားအစီး ၂၉ စီးနဲ့သည်သွားတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် စစ်ပွဲတို့ကြောင့် အသွားအလာကန့်သတ်ထားသည့် အတွက် ရောင်းစရာ ဆန်မရှိတော့ဘဲ စားသောက်ကုန်များ၏ စျေးနှုန်းမှာလည်း အဆမတန် မြင့်တတ်သွားခဲ့ပြီး ဒေသခံများ အခက်ခဲကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

လက်ရှိပလက်ဝမြို့နယ်ကို ပို့ပေးသည့် ဆန်များကို ပြည်ထောင်စု လူကယ်ပြန်မှ ထောက်ပံပေးသည့် ဆန်အိတ် ၇၅၀ အိတ်ပါဝင်ပြီး ကျန် ၉၅၀ အိတ်ကို ပြည်သူလူထု လှူထားသည့် ပိုက်ဆံဖြင့္ဝယ်ယူထားကြောင်းလည်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။