Input your search keywords and press Enter.

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအနေဖြင့်နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင်ဟောပြောတော့မည်မဟုတ်ကြောင်းထုတ်ပြန်

 

 

 

Salai Khup Khup

 

နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင်ဟောပြောထုတ်လွှင့်မည့်ပါတီ၏မှုဝါဒ၊သဘောထား၊လုပ်ငန်းစဉ်ပါအကြောင်းအရာစာသားအချို့ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စိစစ်ပယ်ဖျက်ခြင်းကြောင့်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအနေဖြင့်နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင်ဟောပြောတော့မည်မဟုတ်ကြောင်းအကြောင်းအရာစာသားတချို့တည်းဖြတ်ပြင်ဆင်ပယ်ဖျက်မူ့အပေါ်လုံးဝရှုံ့ချကြောင်းCNLDပါတီ၏ယနေ့ထုတ်ပြန်သောသဘောထားထုတ်ပြန်ချက်အရသိရသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်းက“၂၀၁၅ရွေးကောက်ပွဲမှာတောင် ဒီလိုပိတ်ပင်ကန့်သတ်တဲ့ ဟာတွေက ဒီလောက်မဆိုးဝါးခဲ့ဘူး ၊အခုဟာကတော့ ကျနော်တို့ မှုဝါဒတွေကို ရုပ်မြင်သံကြားမှာ ပြောတော့မယ့်အချိန်မှာ တည်းဖြတ်တာတွေ လုပ်တယ်၊အမှန်တကယ် တိုင်းရင်းသားတွေ လိုချင်တဲ့အပိုင်းတွေ ဖက်ဒရယ်အရေးတို့ ဗမာလည်း ပြည်နယ်တစ်ခုရှိရမယ် ဆိုတဲ့ကိစ္စတွေ သူတို့က ဒါကိုတော့ မပြောရဘူးလို့ ပြောတယ်၊ တိုင်းပြည်တည်ထောင်ဖို့ ကျတော်တို့ လိုချင်တဲ့ဟာတွေကို ပြောဆိုချင်တဲ့ဟာကို ပိတ်ပင်တဲ့အခါကျတော့ သူတို့က တိုင်းရင်းသားလိုချင်တဲ့ ဖက်ဒရယ်အရေးကို NLD အစိုးရအနေနဲ့ လုံးဝလက်မခံဘူးလို့ ပြသရာရောက်ပြီးတော့ ပါတီတစ်ခုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ကန့်သတ်တဲ့အတွက် သူတို့ရဲ့ ဒီမိုကရေစီက လွတ်လပ်စွာပြောဆိုခွင့် ဆိုတာက ဘယ်နားရောက်သွားလဲ”ဟုပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီ၏မူဝါဒ၊သဘောထား၊လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍စာပိုဒ်(၇)၊အပိုဒ်၁၊၂၊၃၊၄တို့ပါရေးသားဖော်ပြချက်များသည်ရေဒီယိုနှင့်ရုပ်မြင်သံကြားတွင်ထုတ်လွှင့်ရမည့်ပါတီ၏သဘောထား၊လုပ်ငန်းစဉ်တို့နှင့်ဆီလျော်ညီညွှတ်ခြင်းမရှိကြောင်းတွေ့ရှိရသဖြင့်ပြင်ဆင်ပယ်ဖျက်ဟောပြောပေးရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအကြောင်းကြားခြင်းအပေါ်(CNLD)ပါတီ၏မူဝါဒ၊သဘောထား၊လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍စာပိုဒ်(၇)၊အပိုဒ်၁၊၂၊၃၊၄တို့ပါရေးသားဖော်ပြချက်များသည်ချင်းလူမျိုးတစ်ရပ်လုံးအတွက်မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည့်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အဓိကစွဲကိုင်ထားသောမူဝါဒနှင့်သဘောထားဖြစ်သောကြောင့်ပြင်ဆင်ပယ်ဖျက်ဟောပြောရမည်ကိုလက်မခံကြောင်းသဘောထားထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ၏မှုဝါဒနှင့်ရပ်တည်ချက်များကိုဖြတ်တောက်မှုများကြောင့်၈၈မျိူးဆက်ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးဦးဆောင်သောပြည်သူ့ပါတီအပါအဝင်ပါတီအချို့လည်းနိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်ုမြင်သံကြားအစီအစဉ်တွင်ဟောပြောတော့မည်မဟုတ်ကြောင်းသိရသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “MRTV မှာပြောဖို့က အရမ်းအရေးကြီးတယ် တစ်ပြည်လုံးကို ကျတော်တို့ရဲ့ မှုဝါဒနဲ့ ရပ်တည်ချက်ကို ရှင်းပြလို့ရမယ့်နေရာဖြစ်တယ် အထူးသဖြင့် ချင်းတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကျတော်တို့ချင်းတွေက တစ်နိုင်ငံလုံးပြန့်နှံ့နေတော့ ကျနော်တို့ချင်းလူမျိုးတွေကို အားလုံးသိနိုင်ဖို့ စာအုပ်ထုတ်ဝေပြီးတော့ ဝေစာတွေထုတ်ပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်တဲ့ ဟာတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမမှီနိုင်ဘူး အဲဒါကြောင့် MRTV ဟာလိုမျိုးကို ကျတော်တို့တွက်က အရမ်းအရေးကြီးတဲ့ နေရာဖြစ်တယ်”ဟုဆိုသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီသည် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်ချင်းပြည်နယ်တွင်လွှတ်တော်နေရာ(၃၆)နေရာနှင့်ချင်းလူမျိုးများနေထိုင်ရာစစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့ရှိလွှတ်တော်နေရာများတွင် (၂၁ )နေရာ၊စုစုပေါင်း လွှတ်တော်နေရာ (၅၇ )နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။