Input your search keywords and press Enter.

ပလက်ဝမြို့နယ်တွင် ကိုဗစ်နှင့်စစ်ပွဲတို့ကြောင့် ရောင်းစရာဆန်မရှိတော့ပဲစားသောက်ကုန်များစျေးအဆမတန်မြင့်တက်

 

Salai Khup Khup

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် စစ်ပွဲတို့ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ရောင်းစရာဆန်မရှိတော့ပဲ စားသောက်ကုန် များလည်း စျေးအဆမတန်မြင့်တက် သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့နယ် စစ်ရှောင်ကူညီရေး အဖွဲ့ပြောခွင့်ရ ဦးကျော်အောင်က “ဒီလ ၂၀ ရက်ကတည်းက ရောင်းစရာ ဆန်လည်းမရှိဘူး အသွားလာတွေလည်း ကိုဗစ်-၁၉ ကြောင့်လည်း ပိတ်ထားတယ် နောက်ပြီး စစ်ရေးကြောင့် အဓိက ဆမီးနဲ့ ပလက်ဝကြား လမ်းကြားမှာ တိုက်ပွဲတွေကလည်း ခဏခဏ ဖြစ်တော့ ဒီလိုမျိုးဖြစ်နေတော့ ပလက်ဝမြို့ပေါ်ရော နယ်ကကျေးရွာ တော်တော်များများရော ဆန်ပြတ်လတ်မှု ကြုံတွေ့ရမဲ့ အခြေနေဖြစ်နေတယ်”ဟုပြောသည်။

ကိုဗစ်ကပ်ရောဂါနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပလက်ဝမြို့နယ်တွင် အသွားလာကန့်သတ်ထား ခြင်းတို့ကြောင့် အောက်တိုဘာလထဲတွင် ဆန်ပြတ်လပ်သည့် အခြေအနေ ကြုံရမည်ကို စိုးရိမ်နေကြကြောင်းလည်း ဦးကျော်အောင်က ပြောပါသည်။

ဦးကျော်အောင်က “အခုလ ကတည်းက ဆန်တွေကပြက်နေပြီဆိုတော့ ရှေ့လထဲမှာဆိုရင် အခြေနေဆိုးသွားနိုင်တယ် ကုန်စျေးနှုန်းတွေလည်း အဆမတန် စျေးတက်ကုန်တယ် ကြက်ဥတစ်လုံး ငါးရာလောက် ဖြစ်နေတယ် တခြား စားသောက်ကုန်တွေလည်း စျေးအရမ်းကြီးကုန်ပြီ”ဟုပြောသည်။

ပလက်ဝမြို့ပေါ်နှင့်ကျေးရွာများတွင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး လာရောက်နေထိုင်ကြသည့် လူတစ်သောင်းကျော် ရှိနေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အထူးသဖြင့် အခက်တွေ့ နေကြရကြောင်းလည်း သိရသည်။