Input your search keywords and press Enter.

ကလေးတက္ကသိုလ်တွင်Quarantine ဝင်သူ (၇) ဦးကို အမှုဖွင့်ထား

 

 

Salai Khup Khup

စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်တွင် Quarantine စင်တာဝင်နေသူ (၇)ဦးမှာ မူးယစ်သောက်စားပြီး ကျောင်းတံခါး ဖျက်ဆီးမှုတို့ကြောင့် နိုင်ငံပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ပုဒ်မ(၆)ဖြင့် တရားစွဲထားကြောင်း သိရသည်။

အထက်ချင်းတွင်း ကွန်ယက် အဖွဲ့မှ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးကျော်သက်ဝင်းက “ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီးတော့ Quarantine ဝင်ဖို့ကိစ္စတွေကိုလုပ်တယ်၊ ဒါတွေကိုလည်း သူတို့က သိပ်မကျေနပ်ဘူးထင်တယ်၊ နောက်ပြီး Quarantine စင်တာမှာ စေတနာဝန်ထမ်း လူငယ်တွေရှိတယ်၊ သူတို့ဆောင်ရွက်ပေးနေတာတွေ သူတို့က စိတ်တိုင်းကျ လုပ်ပေးဖို့က မလွယ်ဘူးလေ၊ နိုင်ငံတော်က သတ်မှတ်တဲ့ စည်းကမ်းအတိုင်းလုပ်ဆောင်နေတာရှိတယ်၊ ကလေးတက္ကသိုလ်ကနေ တရားလိုလုပ်ပြီး တရားဆွဲထားတယ်၊ ကလေးတက္ကသိုလ်မှာ လက်ရှိ Quarantine ဝင်နေတဲ့ သူတွေဖြစ်တယ်လို့ သိရတယ်”ဟုပြောသည်။
ကလေးတက္ကသိုလ်တွင် Quarantine စင်တာဝင်နေပြီး လက်ရှိ တရားစွဲခံရသူ (၇)ဦးမှာ လက်ပံချောင်း၊ မင်းလှ၊ စမ်းမြို့၊ ပျဉ်းတောဦး၊ တာဟန်းရပါကွက်တို့မှ လူငယ်များဟုလည်း သိရသည်။

ဦးကျော်သက်ဝင်းက “တိုင်တန်းချက်တွေအရ ခိုးဝင်တာတွေ၊ Quarantine စင်တာမှာတွေ ဆူပူ အော်ဟစ်တာတွေ လုပ်နေတာမျိုးတွေရှိတယ်လို့ သိရတယ်၊ အကူညီပေးနေတဲ့ ဒေသခံ ဝန်ထမ်းတွေ၊ စေတနာ ဝန်ထမ်းတွေ အခက်အခဲရှိတယ်လို့လည်း သိရတယ်”ဟုပြောသည်။

ဌာနဆိုင်ရာ စေတနာဝန်ထမ်း၊ ဒေသခံ ဝန်ထမ်းများမှ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ဆောင်ပေးမှုများကို အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးကျော်သက်ဝင်းကပြောသည်။

ဦးကျော်သက်ဝင်းက “ရပ်ကွက်မှာ ပုန်းပြီးနေတဲ့သူတွေရှိတယ်၊ နောက်ပြီး ရပ်ကွက်ထဲ ရောဂါ Positive ဖြစ်ပြီးသေသွားရင် စိုးရိမ်စရာ ကိစ္စတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်၊ အဲတာကြောင့် ကျတော်တို့ အဖွဲ့အစည်းကနေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို တင်ပြထားတယ်”ဟုပြောသည်။

လက်ရှိ ကလေးတက္ကသိုလ်တွင် ပြည်ပပြန်များကို အဓိက ထားရှိကြောင်း သိရသည်။