Input your search keywords and press Enter.

တိုင်းရင်းသားပါတီမဲပေးခြင်းဖြင့်တိုင်းရင်းသားအခွင့်အရေးပိုရမည်မဟုတ်ဟုNLD ပါတီဒုဥက္ကဌပြောဆိုချက်အပေါ်ချင်းတိုင်းရင်းသားပါတီများဝေဖန်

 

 

Salai Khup Khup

တိုင်းရင်းသားပါတီ မဲပေးခြင်းဖြင့်တိုင်းရင်းသားအခွင့်အရေး ပိုရမည်မဟုတ်ဟု NLD ပါတီဒုဥက္ကဌ (လက်ရှိမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)ဒေါက်တာဇော်မြင့်မောင်၏ပြောဆိုချက်အပေါ် အတိုက်ခံ ချင်းတိုင်းရင်းသားပါတီများမှဝေဖန်လိုက်သည်။

 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) အထွေထွေအတွင်းရေးမှူး Salai Ceu Bik Thawng က “NLD ကအစိုးရလည်း တစ်ခါ လုပ်ဖူးပြီဆိုတော့ အစိုးရလုပ်တဲ့ ပါတီအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အတန်သင့်ကို လုပ်လို့ရတယ် ၊လုပ်ပေးနိုင်တယ် ၊မလုပ်ပေးချင်ဘူးလို့ မြင်ထားတယ် ၊NLD အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အကြောင်းပြစရာ မလိုဘဲနဲ့ ၊နောက် တပ်မတော်ကို အကြောင်းပြနေစရာ မလိုဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာကို အများအပြား လုပ်လို့ရတဲ့ အာဏာနဲ့ အခွင့်အရေး ရှိခဲ့တယ် ၊ဒါပေမဲ့ မလုပ်ပေးခဲ့ဘူး NLD အစိုးရကနေ တိုင်းရင်းသားအခွင့်အရေး လုပ်ပေးမယ်ဆိုတာ ယုံစရာမရှိတော့ဘူး ၊ဘာလို့လဲဆိုတော့ သူလုပ်ပေးချင်ရင် လုပ်ပေးလို့ရတဲ့ ဟာတွေ အများကြီးရှိတယ် ၊လုပ်မှမပေးချင်တာ သူတို့ရဲ့ မှုဝါဒကြေညာစာတန်းမှာလည်း တိုင်းရင်းသားတွေ လိုချင်တဲ့ဟာတစ်ကြောင်းမှမပါဘူး အပေါ်ယံ ပါးစပ်ဖျားနဲ့ ပြောတဲ့ဟာကို ယုံခဲ့တာများနေပြီ ၊ဆက်လက်ပြီး ယုံနိုင်စရာမရှိဘူး” ဟုပြောသည်။

လက်ရှိအစိုးရ NLD ပါတီအနေဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် ပက်သက်ပြီး မှုဝါဒ ချမှတ်ရေးဆွဲထားခြင်းမျိုးလည်း မရှိကြောင်း အတိုက်ခံ ချင်းတိုင်းရင်းသားပါတီများကဆိုသည်။

 

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) အထွေထွေ အတွင်းရေးမှူး Pu Gin Kam Lian က “သူတို့ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောတာဘဲ ၊ဗမာလည်း တိုင်းရင်းသား တစ်မျိုးဘဲလေ၊ ဒါဆိုရင် NLD ကိုပါ မဲမပေးရတော့ဘူးလား သဘောရောက်တယ်၊ တိုင်းရင်းသားမဲပေးရင် ဆိုတဲ့ စကားက တိုင်းရင်းသားအချင်းချင်း စည်းလုံညီညွှတ်မှု ပျက်ဆီးစေတယ် ၊သူတို့ခေါင်းဆောင် ကို်ယ်တိုင်ပြောတာဘဲ ဗမာလည်း တိုင်းရင်းသားတစ်စုပါဘဲ ဆိုပြီးပြောတဲ့ စကားရှိတာဘဲ သူတို့ခေါင်းဆောင် စကားအသုံးနှုန်းနဲ့ သူပြောတဲ့ အသုံးနှုန်းက တော်တော်လေးကွာခြားမှုရှိနေတယ်။ ဟုဆိုသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တီးတိန်၊တွန်းဇန်မြို့နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးရှိနေရာအချို့အပါအဝင်စုစုပေါင်း ၉ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို နို်ဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ထုတ်ပြန်ထားပြီဖြစ်သည်။

 

 

ချင်းပြည်နယ်တွင်လွှတ်တော်နေရာအများဆုံးယှဉ်ပြိုင်မည့်ပါတီများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)(၃၉)နေရာ၊ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)(၃၇)နေရာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၃၆ နေရာယှဉ်ပြိုင်သွားမည်ဖြစ်သည်။