Input your search keywords and press Enter.

ပြည်သူများပိုယုံကြည်လာသည့်အတွက်၂၀၁၅ ထက်၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနေဖြင့်မဲပိုရမည်ဟုNLDပါတီချင်းပြည်နယ်ဥက္ကဌဆို

 

 

Salai Shing Mang

လက်ရှိNLD အစိုးရလုပ်ဆောင်မှုကိုပြည်သူများပိုယုံကြည်လာသည့်အတွက် ၂၀၁၅ ထက် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနေဖြင့်မဲပိုရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ်ဥက္ကဌ ဦးဇိုဘွေမှ ပြောသည်။

“ရွာရှိရင် ရွာရှိတဲ့အတိုင်း ကျောင်းကို တိုးပေးပါဆိုပြီးတော့ ထောင်ချီပြီးတော့ ကျောင်းတွေကိုလည်း တိုးပေးတယ်၊ပြီးတော့ဆေးရုံလည်းဒီတိုင်းပဲ၊လမ်းပမ်းဆက်သွယ်ရေးလည်းဒီတိုင်းပဲ၊အကုန်လုံးဆောင်ရွက်မှုအပေါ်မှာ ပြည်သူတွေကလည်း အစိုးရအပေါ် ယုံကြည်မှုအပြည့်ရှိတယ်၊ဆက်လက်ဆောင်ရွက်ပြီးမှ သာတစ်ခြား တိုင်းနဲ့ပြည်နယ်ကိုမှီဖို့ရော နောက်ပြီးတော့ ကိုယ်ပြည်နယ်တိုးတက်ရေးအတွက်ရော အစစ အရာရာ ပညာရေး၊စီးပွားရေး၊ကျန်းမာရေး၊လမ်းပမ်းဆက်သွယ်ရေး၊ဆက်သွယ်ရေး အကုန်လုံး ပြည်သူတွေရဲ့ အမြင်နဲ့ အရင်ကထက် အခုရွေးကောက်ပွဲမှာ မဲပိုရမယ်လို့ ပြည်သူတွေရဲ့ဆန္ဒဖြစ်နေတယ်ဆိုတာကိုလည်း ကိုယ့်အနေနဲ့ပြောပြလိုပါတယ်၊“ကျွန်တော်တို့တိုင်းပြည် နှစ်ပေါင်း ၅၀/၆၀ ဖျက်ဆီးပြီးသား ဥစ္စာကို (က)ကနေပြန်စမယ်ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပြည်သူအသိပဲ၊ဒါပေမယ့် ဒီလောက်တိုင်းပြည် အခက်အခဲ၊ပြသာနာထဲက ဒီလောက်အတိုင်းအတာအထိ ပြည်သူ့အပေါ်မှာရော နိုင်င့ံအပေါ်မှာရော နိုင်ငံတော်အစိုးရအနေနဲ့ အလေးထားဆောင်ရွက်ပေးနိုင်တဲ့အပေါ်မှာ ပြည်သူတွေကလည်း ကြည့်ပြီးတော့ အဲဒီအပေါ်မှာလည်း ၂၀၁၅ ထက် ဒီNLD အစိုးရအပေါ်မှာ ပိုပြီးတော့ယုံကြည်မှုရှိလာပြီးတော့ ၂၀၁၅ ရာခိုင်နှုန်းထက် အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲပေးမှုပိုရမယ်လို့ယုံကြည်တယ်လို့ပြောချင်ပါတယ်” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေ မှ ပြောသည်။

ကြံ့ခိုင်ရေးအစိုးရလက်ထက်တွင်ပေးသည့် ဘက်ဂျတ်ထက် NLD အစိုးရလက်ထက်တွင် ၃ ဆ လောက်ပိုများပြီး ဘက်ဂျက်ပိုရခဲ့ကြောင်းနှင့် NLDအစိုးရ လက်ထက်တွင် ချင်းပြည်နယ်အတွင်း လမ်းတံတားများလည်း အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ အနေဖြင့် ချင်းပြည်နယ်သည် ပညာရေး၊စီးပွားရေး၊လမ်းပမ်းဆက်သွယ်ရေး၊နောက်ကျသည်ဟု ဆိုခြင်းကြောင့် ကျေးရွာများတွင် ကားလမ်းပေါက်သည့်နေရာများတွင် ကျောင်းအဆင့်မြင့်များဆောင်ရွက်ခိုင်းခြင်းများကြောင့် ယခုတွင် ထောင်ချီပြီးကျောင်းများတိုးခြင်း၊ဆေးရုံများတိုးခြင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးဇိုဘွေမှဆိုသည်။

ချင်းပြည်နယ်တွင် လွှတ်တော်နေရာစုစုပေါင်း ၃၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းသူ ၂၁၀ ဦးရှိပြီး၊ နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၇ ဦးပါဝင်ကာ၊ အမျိုးသမီးကိုယ်စားလှယ်အနေနဲ့ ၁၈ ဦးပါဝင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်စာရင်းများအရ သိရသည်။

ချင်းပြည်နယ်တွင်လွှတ်တော်နေရာအများဆုံးယှဉ်ပြိုင်မည့်ပါတီများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)(၃၉)နေရာ၊ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)(၃၇)နေရာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၃၆ နေရာယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ချင်းပြည်နယ်တွင်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီ ၁၂ ပါတီ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ဇိုတိုင်းရင်းသားဒေသဖွ့ံဖြိုးရေးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ ချင်းတိုင်းရင်းသားများပါတီ (CNP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တိုင်းရင်းသားလူမျိုးစုများ ဖွ့ံဖြိုးရေးပါတီ (ENDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP) တို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် လွှတ်တော်နေရာစုစုပေါင်း ၃၉ နေရာအတွက် နိုင်ငံရေးပါတီအသီးသီးမှကိုယ်စားလှယ်လောင်း ၂၀၂ ဦးယှဉ်ပြိုင်ခဲ့ပြီး နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှအနိုင်ရခဲ့သည်။