Input your search keywords and press Enter.

ဦးဂေအွမ်(သို့) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဘဝမှ အာဏာပိုင်ထိန်းသိမ်းခံဘဝသို့

 

By Zam Thuam

“ဦးဂေအွမ် အနေနဲ့ ဘာအမှုနှင့် အချုပ်ခံရတာလဲ ဆိုတာသိလား” ဟု သူ့ကို ရှေ့နေ လိုက်ပေးသည့် သဘာဝပတ်ဝန်းကျင် အရေး လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးဦးကျော်သိန်း၏ အမေးကို “အကြောင်းရင်းကို ခုထိမသိသေးဘူးဗျ။ ခြေချုပ်နဲ့ အချုပ်ခန်းထဲရောက်တာ (၄၆)ရက်တော့ရှိပြီ” ဟု မင်းတပ်မြို့နယ် တရားရုံး အချုပ်ခန်းထဲမှ သူ့ကို ဝိုင်းရံသည့် နယ်ခံပြည်သူများကို ငေးကြည့်ရင်း ဦးဂေအွမ်ဖြေကြားခဲ့သည်။ စက်တင်ဘာ (၇) ရက်နေ့ တတိယမြောက် ရုံးချိန်းတွင် ဦးဂေအွမ်ကို ရုံးထုတ်ရန် အတွက် တရားရုံး အချုပ်ခန်း၌ ခေတ္တ စောင့်ဆိုင်းနေစဉ် သူ့ရှေ့နေ နှင့် တွေ့ဆုံပြီး အမှုအကြောင်း ဆွေးနွေးရင်း ဦးဂေအွမ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဂေအွမ်သည် ဒေသ အတွင်း အငြင်းပွားမှုများ၊ ပဋိပက္ခများ တွင် ညှိနှိုင်း စီရင်ပေးခဲ့သည့် အောင်တမန် အဖြစ် ၂၀၀၈ ခုနှစ်ခန့်က စပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။ မိမိ စီရင်ညှိနှိုင်းပေးခဲ့သည့် အမှုများကို လည်း မြို့နယ် အာဏာပိုင် အဆင့်ဆင့်သို့ ပုံမှန် အစီရင်ခံလေ့ရှိသူဖြစ်သည်။ မကွေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ် မင်းတပ်မြို့ နယ်နိမိတ် အငြင်းပွားမှုများတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက် ရပ်တည် လှုပ်ရှားခဲ့သူ လည်း ဖြစ်ခဲ့သည်။ မြို့နယ် အတွင်းရှိ အစိုးရ စီမံကိန်းများကို စောင့်ကြည့်ခဲဲ့ပြီး လွှဲမှားမှုများ ရှိပါက ထောက်ပြလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဌါနဆိုင်ရာ အသီးသီး၏ လုပ်ဆောင်ချက်များကိုလည်း အစည်းအဝေးများတွင် မေးခွန်းထုတ်လေ့ ရှိသည်။

နတ်မတောင် အမျိုးသားဥယျာဉ် အတွင်းရှိ သဘာဝ တောအုပ် သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းသည့် လူအုပ်စုကို ဇွန်လ (၁) ရက်နေ့ရက်စွဲဖြင့် ဒေသခံ တစ်ဦးဖြစ်သူ ဦးမနားကီး မှ ပြည်ထောင်စု သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကို လိပ်မူသည့် တိုင်ကြားခဲ့သည်။ တိုင်တန်းသူအား မြို့နယ် သစ်တောဦးစီးဌာနမှ ဆင့်ခေါ်လာ သဖြင့် တိုင်တန်းသူတို့၏ အကူအညီ တောင်းခံချက်အရ ဦးဂေအွမ်မှ အဖော်အဖြစ် လိုက်လံပေးခဲ့ရာ မည်သည့် အတွက် ကြောင့် ဦးဂေအွမ်မှ လိုက်လံ ခဲ့သည်ကို မေးခွန်းထုတ်ခံ ခဲ့ရ ပါသည်။

ယင်းနောက် ဇူလိုင်လ (၂၃) ရက်နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် ဦးဂေအွမ် လုပ်ကိုင်သည့် လယ်တောသို့ ရောက်လာပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းနဲ့ ပတ်သက်ပြီး ဦးဂေအွမ် ညီမ ဖြစ်သူ က “ရဲနှစ်ယောက် ရောက်လာတယ်။ ဦးဂေအွမ် နှင့် တွေ့ဆုံ ဆွေးနွေး စရာရှိတယ် လို့ပြောတော့ သူသွားတဲ့ လယ်တော နေရာကို ညွန်းလိုက်တယ်” လို့ ပြန်လည် ပြောကြားခဲ့ ပါသည်။ “စခန်းကနေ ဖုန်း ဝင်လာခဲ့တယ်။ အစ်ကိုက အချုပ်မှာ နေရမှမို့ အသုံးအဆောင်တွေ ရဲစခန်းကို ပို့ပေးကြပါဖို့ပြောမှ ကျွန်မတို့က အစ်ကို အဖမ်းခံရမှန်း သိတာ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ယင်းဖမ်းဆီးမှု နှင့် ပတ်သက်ပြီး ဦးဂေအွမ်က “ရဲတွေ လယ်တောကို ရောက်လာတော့ ဖမ်းဝရမ်း မပါဘဲ မလိုက်နိုင်ဘူးလို့ ပြောခဲ့တော့ စခန်းမှူး ကို ဖုန်းနဲ့ တိုက်ရိုက် စကားပြောခိုင်းတယ်။ မေးမြန်းစရာ ရှိလို့ လိုက်လာပါ ဆိုလို့ လိုက်သွားခဲ့တယ်။ စခန်းရောက်တော့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ အမိန့်အရ အချုပ်မှာ နေရမယ်လို့ ပြောခဲ့တယ်” ဟုပြောကြားကြောင်း နီးစပ်သူတို့ ထံမှ သိရှိရ ပါသည်။

မြို့နယ် အာဏာပိုင်များ အနေဖြင့် ဦးမနားကီး၏ နတ်မတောင် အမျိုးသား ဥယျာဉ် အတွင်း သဘာဝ သစ်တောအုပ်ရှိ သက်တမ်းရင့် သစ်ပင်များ ခုတ်ထွင်သည့် တိုင်တန်းချက် ကို အရေးယူခြင်းများ မရှိသေးဘဲ ယင်းတိုင်ချက်တွင် တိုင်ကြားခြင်း ခံရသူ တစ်ဦးဖြစ်သည့် အုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကီးဖေ မှ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီသို့ ဦးဂေအွမ်၊ ဦးမနားကေး နှင့် ဦးဂေဟာ တို့အား ဒေသ အတွင်း ပြဿနာများ ဖြစ်ရန် ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း၊ သူတို့နှင့် မသက်ဆိုင်သော မြေယာ ကိစ္စများ ဝင်ရောက် စွက်ဖက် အဆုံးအဖြတ်ပေးကြောင်း၊ ယင်းကဲ့သို့ ဆက်လက် မဆောင်ရွက် နိုင်ရန် အတွက် လိုအပ်သလို အရေးယူပေး စေလိုကြောင်း တင်ပြချက်များကို အခြေခံ၍ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ယင်း သုံးဦးကို ဖမ်းဆီးပြီး ခြေချုပ်ဖြင့် ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဂေအွမ်၏ ရှေ့နေ နှင့် ဒေသခံများထံမှ မေးမြန်းချက်များ အရ သိရှိရ ပါသည်။
၂၀၁၅ ခုနှစ်တွင် အုံကျေးရွာအုပ်စု ရှိ ချိုင်ကျေးရွာ သည် ရေဘေးကြောင့် တွီရွှံဗွီ ဒေသသို့ ပြောင်းရွေ့ခဲ့ရာ ယင်း မြေနေရာ ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း အငြင်းပွားမှုတွင် ဦးဂေအွမ်သည် ချင်း ထုံးစံ အောင်တမန် အဖြစ် ဆောင်ရွက် ညှိနှိုင်းပေးကြောင်း၊ ယင်း ကိစ္စ နှင့် ပတ်သက်ပြီး အုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းတို့ထံမှ သိရှိခဲ့ရပါသည်။

ဦးကီးဖေ၏ တိုင်ကြားချက် အရ မင်းတပ် မြို့နယ် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ သည် ဦးဂေအွမ်၊ ဦးဂေဟာ နှင့် ဦးမနားကီး တို့အား ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အပ် ဥပဒေ ပုဒ်မ-၅(၁)(စ)(ဆ)အရ တရားစွဲ အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး ဇူလိုင်လ (၂၃)ရက်နေ့တွင် ဦးဂေအွမ်ကို သူ၏ လယ်တောတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိရသည်။
ဦးဂေအွမ်သည် အသက် (၄၇) နှစ် ရှိပြီဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ညာဖက် မျက်စိ မမြင်သည့် သူတစ်ဦးဖြစ်ကာ ဗိုက်အောင့်သည့် ဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်သည်။ ဗိုက်အောင့်သည့် ဝေဒနာကြောင့် သြဂုတ်လ (၂၃)ရက်နေ့တွင် ဗိုက်အောင့်သည့် ဝေဒနာကြောင့် မင်းတပ် ပြည်သူ့ဆေးရုံသို့ တက်ခဲ့ရသည်။ မသန်စွမ်းဖြစ်ခြင်း၊ လတ်တလောတွင် ဝမ်းဗိုက်ဝေဒနာများ ခံစားရခြင်း ကြောင့် အာမခံ ရရှိရန် တရားရုံးတော်သို့ လျှောက်ထားသော်လည်း ပယ်ချ ခံခဲ့ရပါသည်။ စက်တင်ဘာ (၂၁) နှင့် (၂၂) ရက်နေ့များတွင် တရားခွင်တွင် အမှုစစ်ရန် ဆက်လက် ချိန်းဆိုခဲ့သည်။

ဦးဂေအွမ်သည် ချင်းအောင်တမန် အဖွဲ့(ချင်းလူငယ်များ အစည်းအရုံး)၊ ချင်း အရပ်ဘက်အဖွဲ့အစည်းများ ကွန်ယက် နှင့် မာန်အိမ် အမှုဆောင်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် သဘာဝ ပတ်ဝန်းကျင် အရေး နှင့် မြေယာအရေးတွင် တက်ကြွစွာ ဆောင်ရွက်သော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့ (MATA) အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

“တရားမဝင် ချင်းထုံးစံ အောင်တမန် လုပ်တယ်။ ဌာနဆိုင်ရာရဲ့ လုပ်ငန်းတွေ စွက်ဖက်တယ်။ တရားမဝင် မြေခွန်ကောက် တယ် ဆိုပြီး ခြေချုပ်နှင့် ဖမ်းတာလို့ ထင်တယ်”ဟု ဦးဂေအွမ်မှ စက်တင်ဘာလ (၇) ရက်နေ့ သုံးကြိမ်မြောက် ရုံးချိန်းအပြီး တရားခွင်မှ ထွက်ခွာလာစဉ် ပြောကြားခဲ့သည်။ “ ဌါန ဆိုင်ရာရဲ့ လုပ်ငန်းတွေ စွက်ဖက် တယ် လို့ ပြောရ အောင် ကျွန်တော်က ဌာန ဆိုင်ရာကနေ ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ဖိတ်ကြားချက် မရဘဲနဲ့ တခါမှ မတက်ခဲ့ဖူးဘူး” ဟု သူ ဆက်လက် ပြောကြားခဲ့သည်။
“ဌာနဆိုင်ရာ အာဏာပိုင်သည် အုပ်ချုပ်ရေး အာဏာပိုင်တွေက ကျွန်တော့် လိုမျိုး ပြည်သူတွေကို ဖမ်းဆွဲသွား မယ် ဆိုရင် ခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ မခံနိုင်ပါဘူး” လို့ ဦးဂေအွမ်မှ ပြောကြားရင်း သူ ခေတ္တနားမည့် တရားရုံး အချုပ်ခန်း ဘက်သို့ ခေါ်ဆောင်သွားသော ရဲများနောက်သို့ လိုက်ပါသွားခဲ့သည်။