Input your search keywords and press Enter.

ပလက်ဝပြည်သူများ ရွေးကောက်ပွဲစိတ်ဝင်တစားပါဝင်နိုင်ရန် စစ်ပွဲရပ်စဲပေးရန် KACC တောင်းဆို

Salai Khup Khup

ပလက်ဝမြို့နယ်ရှိ ပြည်သူလူထုများ ၂၀၂၀ ရွေးကောက်ပွဲတွင် စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်နိုင်ရန် စစ်ပွဲများ ရပ်စဲပေးရန် ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက “ပလက်ဝမြို့နယ်က ချင်းပြည်နယ် ကိုးမြို့နယ်ထဲမှာ စစ်ဘေးသင့်နေတဲ့ နေရာဖြစ်နေတယ်၊ နောက်ပြီး ဒီကာလက ကပ်ဘေးစိန်ခေါ်ကာလလည်း ဖြစ်နေတော့ နဂိုကမှ စစ်ဘေးကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်တဲ့ အနေထားမှာ ရှိနေတဲ့ အချိန်မှာ စစ်ပွဲတွေကို ရပ်တန့်ပေးပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့ချိန်မှာ လူထုက စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်နိုင်ဖို့ တောင်းဆိုချင်တာဖြစ်တယ်”ဟုပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးကို ပလက်ဝမြို့နယ်အတွင်း ကောင်းမွန်စွာကျင်းပပြုလုပ်နိုင်ရန် အရေးကြီးဆုံးအချက်မှာ မဲဆန္ဒရှင်ပြည်သူများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ခူးမီးအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ထုတ်ပြန်ချက်များထဲတွင် မြန်မာ့တပ်မတော်နှင့် အေအေ အဖွဲ့ကြား တိုက်ပွဲများရပ်စဲပြီး အေအေ လက်နက်ကိုင် အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဒေသခံချင်းလူငယ်များကို ဖမ်းဆီး သိမ်းသွင်းခြင်းနှင့် ချင်းပြည်နယ် အစိုးရအနေဖြင့်လည်း ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် လိုအပ်သည့် လုံခြုံရေးအစီမံများ ပြင်ဆင်ထားရှိရန် ဒေသခံပြည်သူများပေါ် စေတနာထား၍ ဝိုင်းဝန်းကြိုးစားပေးကြရန် တောင်းဆိုထားသည်။

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပလက်ဝမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှလည်း အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟုသိရသည်။