Input your search keywords and press Enter.

ကိုဗစ် ၁၉ ကာလအတွင်း ပါတီစည်းရုံးရေးကာလ ရက်ပေါင်း (၆၀) သာသတ်မှတ်သည့်အပေါ်အတိုက်ခံပါတီအချို့ဝေဖန်

Salai Khup Khup
ကိုဗစ် – ၁၉ ကာလ ဖြစ်သည့်အခြေအနေတွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမည့် အချိန်နှင့်ပတ်သက်ပြီး ရက်ပေါင်း (၆၀) သာသတ်မှတ်ပေးခြင်းသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် အခွင့်အရေးများစွာ ဆုံးရှုံးမှုရှိကြောင်း အတိုက်အခံပါတီများက ဝေဖန်လိုက်သည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်က “ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရေးကို ရက်ပေါင်း ၆၀ ပဲလုပ်မယ်ဆိုရင် ကိုဗစ်ကာလကြောင့် လူတွေ့အစည်းဝေးတွေ ပြည်သူလူထုဆီမှာ မဲဆွယ်စည်းရုံးရမှာက တော်တော်လေးကို အခက်ခဲဖြစ်မယ်၊ အဲဒါကြောင့် ရက်ပေါင်း ၆၀ ဘဲမလုပ်ဘဲနဲ့ ရက်ပေါင်း ၉၀ လုပ်ပေးပါလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်၊ မဲဆွယ်စည်းရုံးရေးကာလ တိုတောင်းလေလေ မဲဆွယ်စည်းရုံးဖို့ ခက်ခဲလေလေ ၊ အတိုက်ခံ ပါတီတွေက နစ်နာလေလေ ဖြစ်တယ်၊ အနိုင်ရပါတီအတွက် အခွင့်ရေးပိုရတယ်ပေါ့၊ ဒါကတော့ သီအိုရီတစ်ခုပေါ့ ၊ နိုင်ငံတိုင်းမှာလည်း ဒါကတော့ အမှန်တရား တစ်ခုပါဘဲ ၊ အခုအစိုးရကလည်း အဲလိုပုံစံဖက်ကို လိုလားနေတယ် မဲဆွယ်စည်းရုံးရေး ကာလကိုလည်း ရက်မရွှေ့ချင်ဘူး ၊ အနိုင်ရပါတီအတွက်က ထက်ဝက်ကျော် အသာစီးရသွားတဲ့ ပုံစံဖြစ်နေတယ်” ဟုပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ စက်တင်ဘာလ (၆)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ကိစ္စနှင့် မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
ချင်းပြည်နယ် ပြည်ထောင်စုကြုံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဖြစ်သူ ဒေါက်တာမှုထန်းက “အခက်အခဲရှိနိုင်တယ်။ လူငါးဆယ်မကျော်ရလုပ်သလို တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာထိုင်ရမယ်ဆိုပြီး လုပ်တော့ မလွယ်ဘူး။ မဲဆွယ်ကာလမှာ လာနားထောင်တဲ့သူတွေ များနိုင်တယ်လေ။ ကန့်သတ်ချက်ကြောင့် လာနားမထောင်နိုင်တဲ့သူတွေရှိမှာဆိုတော့ အဆင်မပြေဘူး။ ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနက ထုတ်ပြန်တဲ့ဟာဆိုတာ သတိထားဖို့တော့လိုပါတယ်။ အရေးကြီးဆုံးက အစိုးရကဖြစ်ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကဖြစ်ဖြစ် နိုင်ငံရေး မကစားဖို့က အရေးအကြီးဆုံးပါပဲ။ ဒီကပ်ကာလကို နိုင်ငံရေးအရ ကစားရင်တော့ မကောင်းဘူးပေါ့။ ကိုယ်ကလူစုလူဝေးလုပ်ပြီး အရေးမယူတာတွေရှိပြီး တရားဟောဆရာ ဒေဗစ်လားကိုကျတော့ ထောင်ချတယ်။ ဒါမျိုးကျတော့ မကောင်းဘူး” ဟုပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီး နေရာတွက် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်မည့် Lal Than Cuangက “လူဦးရေ အကန့်သတ်က ဘယ်လောက်လည်းဆိုတာ မသိရတော့ အခက်ခဲတော့ရှိတယ် ၊ သတင်းအချက်အလက် တင်တဲ့ဟာတွေကို လိုက်ဖတ်နေရတာ ပုဂ္ဂုလ်တစ်ဦးချင်းဖုန်းဆက်ပြီးတော့ ဘယ်လိုလုပ်လို့ရတယ် ဘယ်လိုမရဘူး ဆိုတာမျိုးမရှိတာ ကျတော့်အတွက် အခက်ခဲတစ်ခုဖြစ်တယ်၊ ကိုဗစ်-၁၉ အရ လူအယောက် (၃၀) ဆိုတာက နောက်ဆုံး ကြေညာခဲ့တဲ့ ကိစ္စပေါ့ ၊ ဒါပေမဲ့ ကျတော်တို့ နိုင်ငံရေးအတွက်ရော ဒီိထက်ပိုများနိုင်သလား ဆိုတဲ့ တိကျတဲ့ သတင်းမသိရသေးဘူး၊ ကျတော်တို့ကလည်း Page မှာ ဘာတက်လာမလဲဆိုပြီး ကြည့်နေရတဲ့ ပြဿနာဖြစ်တယ်”ဟုပြောသည်။
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘီခ်ထောင်းက “ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး နောက်ကျပြီး ကျင်းပပေးဖို့ အမြဲတောင်းဆိုတယ်။ နို၀င်ဘာလ၊ ဒီဇင်ဘာလမှာကျင်းပလို့ရတာပဲ။ ရွေးကောက်ပွဲကို ၂၀၂၀ မှာပဲ ကျင်းပရမယ်လို့လည်း ဥပဒေမှာမရှိပါဘူး။ ကိုဗစ်ရောဂါပိုးက ပိုအရေးကြီးနေတယ်။ ရွေးကောက်ပွဲကို အလောတကြီး နို၀င်ဘာလဆန်းပိုင်းမှာ ကျင်းပတာမဖြစ်သင့်ပါဘူး။ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ထုတ်ပြန်တဲ့ဟာတွေကိုတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လိုက်နာသွားဖို့ရှိပါတယ်” ဟုပြောသည်။
မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများမှ ဘာသာရေးအဆောက်အအုံများတွင် အစည်းအဝေးကျင်းပပြုလုပ်ခြင်းများ မပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စက်တင်ဘာလ (၆) ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
ညီညွတ်သောအမျိုးသားဒီမိုကရက်တစ်ပါတီမှ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမနားရှင်းမှ လက်ရှိရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များကြောင့် စည်းရုံးရေးထိခိုက်မှု မရှိနိုင်ကြောင်းပြောသည်။
ဦးမနားရှင်းက “ ကျွန်တော်တို့ပါတီက သိပ်အခက်အခဲတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့မဲဆွယ်စည်းရုံးတဲ့နေရာက များသောအားဖြင့် တောင်သူများတဲ့အတွက် အများကြီး စုဝေးလို့မရဘူး။ နောက်ပြီး ပါတီက တစ်ခုတည်း စည်းရုံးရေး ၀င်လုပ်တာမဟုတ်တော့ လူစုလူဝေးသိပ်ပြီးဖြစ်နိုင်စရာမရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်ပြီး သိပ်ပြီး အခက်အခဲမရှိဘူး” ဟုပြောသည်။
၂၀၂၀ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို နို၀င်ဘာလတွင် (၈) ရက်နေ့တွင် ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရား၀င်ထုတ်ပြန်ထားပြီဖြစ်ပြီး ကိုဗစ်ကာလ ဒုတိယလှိုင်းပြန်လည်ဆိုးရွားလာချိန်အထိ ရွေးကောက်ပွဲအချိန်ပြန်လည် ပြောင်းရွှေ့မှုမရှိသေးပေ။