Input your search keywords and press Enter.

ချင်းပြည်နယ်တွင် ပါတီ ၁၂ ပါတီနှင့်တစ်သီးပုဂ္ဂလမှကိုယ်စားလှယ်လောင်း ၂၁၂ဦး ယှဉ်ပြိုင်မည်

 

Salai Khup Khup

၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၃၉ နယ် တွင် ပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၁၂ ဦးနှင့် တစ်သီးပုဂ္ဂလမှ ၁၇ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က “၁၂ ပါတီယှဉ်ပြိုင်ကြမှာဖြစ်တယ် ယှဉ်ပြိုင်ကြမဲ့ ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းထားတဲ့သူက ၂၁၂ ယောက်တော့ရှိတယ် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်မဲ့သူက ၁၇ ယောက်ရှိတယ် ယှဉ်ပြိုင်ကြမဲ့ အားလုံးထဲမှာ အမျိုးသမီးက ၁၈ ယောက်ပါဝင်တယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူူ သုံးသိန်းလေးသောင်းကျော် ရှိနေကြောင်းလည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်ကပြောသည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က “ဇူလိုင်လ ၂၅ ရက်နေ့က စတင်ပြီး ပထမဆုံး မဲစာရင်းကပ်တဲ့ စာရင်းအရတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူက ၃၄၀၀၀၀ ကျော် ရှိပါတယ်”ဟုပြောသည်။

နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်အနေဖြင့် မသန်စွမ်းမဲဆန္ဒရှင် သုံးထောင်ကျော် ရှိနေကြောင်းလည်း သိရသည်။

ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသော ဒေသဖြစ်သည့် ပလက်ဝတွင် ရှိသော မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင်လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။