Input your search keywords and press Enter.

ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ချင်းပြည်နယ်တွင် ၃၆ နေရာ ယှဉ်ပြိုင်မည်ဟုဆို

 

Salai C Lian

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)အနေဖြင့် လာမည့် နိုဝင်ဘာလ (၈) ရက်နေ့ ပါတီစုံရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်အမတ် ၃၆ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာ မူထန်းက ပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဌ ဒေါက်တာ မူထန်းက “ကျွန်တော်တို့ပါတီအနေနဲ့ ချင်းပြည်နယ် တစ်ပြည်နယ်လုံး ပါဝင်ယှဉ်ပြိုင်မယ်၊ မတူပီပြည်နယ်လွတ်တော်နေရာ၊ ဖလမ်းပြည်နယ်လွတ်တော်နေရာ၊ ဟားခါး အမျိုးသားလွတ်တော်နေရာ ဒီ(၃) နေရာကို ဟ ထားတယ်၊ ကျန်တဲ့ (၃၆) နေရာအားလုံးကို ကျွန်တော်တို့ အကုန်ယှဉ်ပြိုင်မယ်” ဟု ပြောသည်။

ထို့ပြင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိချင်းပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးကောင်စီတွင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊သမ္မတဦးသိန်းစိန်ဦးဆောင်သည့်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟုန်းငိုင်းသည် မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါက်တာ မူထန်းကဆိုသည်။

သူက “ဗိုလ်ချုပ်ဟုန်းငိုင်းကလည်း မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော်နေရာကနေ ပါဝင်ယှဉ်ပြိုင်မယ်၊ အောင်နိုင်မအောင်နိုင်ကတော့ ဖြေဖို့ခက်သေးတယ်၊ ဒါပေမဲ့ အောင်မြင်မယ်လို့တော့ ယုံကြည်တယ်၊ တိုင်းရင်းသားပါတီကို ဦးစားပေးမယ်ဆိုတဲ့ဟာက အခုကျွန်တော်တို့ ဟထားတဲ့ ဟားခါး၊ ဖလမ်း၊ မတူပီတွေကို ဒေသပါတီဖြစ်တဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးတာဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရမှ ၂၀၁၁မှ ၂၀၁၆အထိတိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် NLDပါတီကိုရှုံးနိမ့်ခဲ့သည်။