Input your search keywords and press Enter.

အိန္ဒိယနိုင်ငံမှ ကလေးမြို့သို့ ခိုးဝင်လာသူများကို ပြင်းပြင်းထန်ထန်အရေးယူပေးရန် အထက်ချင်းတွင်းလူငယ် ကွန်ယက် တောင်းဆို

Salai C.Lian

အိန္ဒိယနိုင်ငံမှ ကလေးမြို့သို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၂၀) ဦးအား ကျန်းမားရေးဝန်းကြီးဌာန၏ ထုတ်ပြန်ချက်ဖောက်ပျက်သောကြောင့် အစိုးရအနေဖြင့် ထိထိရောက်ရောက်အရေးယူပေးရန် အထက်ချင်းတွင်းလူငယ် ကွန်ယက်ထံမှ သိရသည်။

အထက်ချင်းတွင်း လူငယ်ကွန်ယက် ဒါရိုက်တာ ကိုကျော်သက်ဝင်းက “ဒီသတင်းကို ကျွန်တော်တို့ မန်ဆောင်းတံတားကနေ စတင်သိရတယ်၊ ကွန်တော်တို့ လေ့လာကြည့်တဲ့ခါမှာ မီဇိုရမ်ပြည်နယ်မှာ သွားရောက်အလုပ်လုပ်နေတဲ့ မုံရွာမြို့က လူတွေဖြစ်တယ်၊ သူတို့ရဲ့ နာမည်စာရင်းတွေအကုန်ရှိတယ်၊ သူတို့ကတရားမဝင်တဲ့အပေါက်ကနေ ဝင်လာတာဖြစ်တယ်၊ သူတို့တကယ်ဝင်လာတာလည်း တွေ့ရတယ်၊ ကျွန်တော်တို့ အချက်အလက်အရပေါ့၊ ဆိုတော့ သူတို့တွေက စစ်ကိုင်းနှင့်ချင်အစိုးရထုတ်ပြန်တဲ့ ကျန်းမားရေးမူဝါဒတွေကို ဖောက်ဖျက်တယ်၊ သူတို့နေတဲ့ နေရာတွေကို လိုက်လံရှာဖွေနေတယ်၊ ကားနံပါတ်တော့ အကုန်ရထားပြီ၊ ကားဆရာကတော့ ပျောက်နေတယ်၊ ဒါတွေကတော့ ထိထိရောက်ရောက်အရေးယူသင့်တယ်” ဟု ပြောသည်။

လက်ရှိအခြေအနေအရ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မူပိုမိုမြင့်တက်နေပြီး၊ ချင်းပြည်နယ် နယ်စပ်ဖြစ်သည့် မိုဇိုရမ်ပြည်နယ်တွင် တစ်ရက် ၁၀ ဦးနီးပါးတွေ့ရှိရကြောင်း သိရသည်။

ကို ကျော်သက်ဝင်းက “အိန္ဒိယနိုင်ငံမှာ အခြေအနေတွေက ဆိုးဆိုးဝါးဝါးဖြစ်တယ်၊ ကျွန်တော်တို့တွေ စိုးရိမ်မူတွေအရမ်းရှိနေတဲ့ချိန်မှာ ခိုးဝင်တာမျိုးတွေ နောက်တစ်ချက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မလိုက်နာတာတွေက ကျွန်တော်တို့အတွက် လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး၊ အဲဒါကြောင့် အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တောင်းဆိုနေတာပါ” ဟု ပြောသည်။

ကလေးမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် တရားဝင်လမ်းကြောင်းဖြင့် ဝင်ရောက်ရန် စီစဉ်ထားပြီဖြစ်ပြီး ခိုးဝင်လာပါက တည်ဆဲဥပဒေအရ ရေးယူမည်ဖြစ်ကြောင်း ကလေးမြို့ ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးတိုးကျော်သူက ပြောသည်။

သူက “ကျွန်တော်တို့ အခုချိန်ထိတရားဝင်လမ်းနဲ့ ဝင်ဖို့ရပ်/ကျေးတွေကိုလည်းမှာထားတယ်၊ လက်ရှိအချိန်ထိကတော့ ခိုးဝင်လာတဲ့သူတွေမရှိသေးဘူး၊ တရားဝင်နဲ့ ဝင်လာသူတွေကို Quarantine ထားတယ်၊ ၅ ရက်ပြည့်ရင် စစ်ဆေးပြီး ပိုးမတွေ့ရင်တော့ သတ်မှတ်ချက်ရက်ပြည့်တဲ့အထိ Quarantine Center ကိုပြန်ပို့တယ်၊ ပြည့်သွားရင်တော့ သူတို့ရပ်ကျေးကို ပို့တယ်၊ တရားဝင်နဲ့ ဝင်လာဖို့ စနစ်တကျ စီစဉ်ထားတယ်၊ ခိုးဝင်လာရင်တော့ အရေးယူမယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ ကလေးမြို့တွင် ပြည်တော်ပြန် Quarantine ဝင်သူ ၉၅ ဦးနှင့် ကလေးမြို့နယ်အသီးသီးတွင် Quarantine ဝင်သူ ၄၀ ကျော်၊ စုစုပေါင်း ကလေးမြို့နယ်တွင် Quarantine ဝင်သူ ၁၄၀ ကျော်ရှိခဲ့ကြောင်း ထွေအုပ်မှတ်တမ်းများအရ သိရသည်။