Input your search keywords and press Enter.

ဟားခါးမြို့တွင် နှာခေါင်းစည်း(Mask) မတပ်ဘဲ အပြင်ထွက်သူများအရေးယူမှု ဆက်လက်ဆောက်ရွက်မည်

Salai Khup Khup

ဟားခါးမြို့ပေါ်တွင် နှာခေါင်းစည်း(Mask) မတပ်ဘဲ အပြင်ထွက်ရှိသူများကို ကူးစက်ရောဂါများ နှိမ်နှင်းရေး ဥပဒေ ပုဒ်မ(၁၅) ဖြင့် ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီနှင့်ပူးပေါင်း အဖွဲ့မှ ဆက်လက် စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ COVID-19ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင် Dr. Mang Biak Kung က “ဧပြီလလောက်ကနေစပြီးတော့ အရေးယူတာတွေ လုပ်ဆောင်ခဲ့တယ်၊ နိုင်ငံတော်ကနေ ဥပဒေအမိန့်တွေ မကျလာမခြင်းအရေးယူ ဆောင်ရွက်တာတွေ ဆက်လုပ်သွားဖို့ရှိတယ်”ဟုပြောသည်။

ဟားခါးမြို့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ နေအိမ်ပြင်ပမထွက်ကြရန် နှင့် နေအိမ်မှ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန် ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီနှင့်ပူးပေါင်း အဖွဲ့မှ နိူးဆော်ခြင်းနှင့်အတူ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ခြင်းဖြစ်သည်။

ဟားခါးမြို့ COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင် Dr. Mang Biak Kung က “အရေးယူတာတော့ ကောင်းတယ်၊ အရေးယူတဲ့ နေရာမှာဘဲ Mask တပ်ပြီး ကျန်တဲ့နေရာမှာ Mask ပြန်ဖြုတ်တာတို့ လုပ်တာကိုတော့ မလုပ်သင့်ဘူး၊ ဒီရောဂါက မြင်ရတဲ့ ရောဂါလည်း မဟုတ်တော့ တစ်ဦးတစ်ယောက်ဆီက စည်းကမ်းလိုက်နာမှုပေါ်မှာ မှုတည်တယ်၊ Mask တပ်တာတွေ လက်ဆေးတာတွေ ကိုယ့် အသိတရားနဲ့ လုပ်တာတွေက နိုင်ငံအတွက် ကိုယ့်မြို့အတွက်လည်း ကောင်းတယ်၊ တစ်ဦးတစ်ယောက်စီ အတွက်လည်း ကောင်းတယ်”ဟုပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် နိူးဆော်သည့် လုပ်ငန်းများနှင့်အတူ စစ်ဆေးအရေးယူခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဟားမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီနှင့်ပူးပေါင်း အဖွဲ့မှ သိရသည်။

ဇူလိုင် ၂၇ ရက်နေ့မှစတင်ပြီး ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမ တစ်လျှောက် လမ်းဆုံ ၃ နေရာတွင် ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီနှင့်ပူးပေါင်း အဖွဲ့မှ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။