Input your search keywords and press Enter.

မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း (သုတေသနစာတမ်း )

မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း (သုတေသနစာတမ်း )

– အပိုင်း (၁)

သုတေသနမိတ်ဆက်ခြင်း

ဤသုတေသနသည် ချင်းပညာရေးရှေ့ဆောင် (CEI)၏စီမံကိန်းတစ်ခုဖြစ်သည်။ ရေရှည်ခိုင်မာဖွံဖြိုးသည့် လူ့မှုဝန်းကျင်တည်ဆောက်ရာတွင် ပညာရေး၏အခန်းကဏ္ဍသည်အထူးအရေးပါသည်ဟုယုံကြည်သည်နဲ့ အညီ လူမျိုးတစ်မျိုး သို့မဟုတ် နိုင်ငံတစ်ခု၏ အသက်သွေးကြောသည်လည်း ပညာရေးတွင်မီသွယ်သည်။ ထို့အတူ မိမိတို့လူမှုဝန်းကျင်ကို တည်ဆောက်ကြရာတွင် ပညာရေးမြှင့်တင်ခြင်းသည် ထူးခြားထိရောက် သည့်လုပ်ဆောင်ခြင်းဟုထင်မြင်မိကာ ပညာရေးကဏ္ဍအပါအဝင် လူမှုဝန်းကျင်အတွက်လိုအပ်သည့် ဥပဒေ ၊ မူဝါဒများ နှင့် စီမံကိန်းများလုပ်ဆောင်ကြရာတွင် ၎င်းနယ်ပယ်များကို လေ့လာထားသည့် သုတေသနများ သည်အထူးအရေးကြီးပြန်သည်။ ဘက်ပေါင်းစုံမှ သုတေသနတွေ့ရှိချက်များအပေါ်တွင် အခြေခံ၍ ဥပဒေ ၊ မူဝါဒများကို ချမှတ်ပါမှ မှန်ကန်ထိရောက်စွာ အကောင်အထည်ဖော်မှုများ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကဏ္ဍတိုးတက်လာစေရေး စဉ်းစားကြရာတွင် ၎င်းကဏ္ဍတွင် သုတေသနလေ့လာလုပ် ဆောင်ခြင်းများသည် အထူးအရေးကြီးသည့်အတွက် ဤသုတေသနကိုပြုလုပ်ရခြင်းဖြစ်ပါသည်။

သုတေသန ပြဿနာဆန်းစစ်ခြင်း နှင့် ရည်ရွယ်ချက်

မြန်မာနိုင်ငံသည် အာဏာရှင်အစိုးရလက်ထက်မှ ပြည်သူရွေးကောက်တင်မြောက်သည့် အစိုးရ၏ အုပ်ချုပ် သည့်စနစ်သို့ကူးပြောင်းနေသည့်အချိန်ဖြစ်သည်နှင့်အညီ အနာဂတ်အတွက်ရေးဆွဲကြမည့်မူဝါဒများစဉ်းစား နေချိန်လည်းဖြစ်သည်။ ထိုသို့နိုင်ငံ၏အနာဂတ်အတွက်အရေးကြီးသည့် စီမံချက်များ ၊ မူဝါဒများရေးဆွဲရာ တွင် သုတေသနတွေ့ရှိချက်များ ၊ အချက်အလက်လေ့လာမှုများအပေါ်တွင်အခြေခံရမည်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် မူဝါဒ ၊ စီမံချက်များနှင့် စီမံကိန်းများရေးဆွဲကြရာတွင် အခြေခံရမည့် အချက်အလက် ၊ သုတေသနစာတမ်းများ နည်းပါးနေခြင်းသည်လည်း အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေ သေးသည်ကိုတွေ့ရှိရပါသည်။
ယခုလုပ်ဆောင်နေသည့် သုတေသနစာတမ်းသည်လည်း မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ မျှဖြစ်ပွားနေသည့် ပြည်တွင်းစစ် ၊ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံဖြင့် ရှိနေသည့်လူမှုအသိုင်းအဝိုင်းများအကြား လိုအပ်နေသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်များအပေါ် အစိုးရကျောင်းများတွင် ပြဌာန်းထားသော ကျောင်းသင်ရိုးညွန်းတမ်းများ၏ အခန်းကဏ္ဍများ ၊ အရေးကြီးပုံများ နှင့် သက်ရောက်မှုများကိုပြန်လည် လေ့လာ သုတေသနပြုခြင်းဖြစ်ပါသသည်။ ထိုသို့လေ့လာရာတွင် ကျောင်းသင်ရိုးညွန်းတမ်းဖတ်စာအုပ် ထဲမှ ဘာသာရပ်နှစ်ခုဖြစ်သော သူငယ်တန်းမှ ဒသမတန်းအထိ မြန်မာဖတ်စာဘာသာရပ်များနှင့် မြန်မာ့ သမိုင်းဘာသာရပ်များကို အခြေခံ၍လေ့လာခြင်းလည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေးပြဿနာ အခြေခံဖြစ်သော နိုင်ငံတည်ဆောက်ခြင်း ၊ အမျိုးသားရေးလက္ခာဏာ ပုံပေါ်ထုဆစ်ခြင်းများ ၊ ယဉ်ကျေးမှု စာပေမြှင့်တင်ခြင်း များသည် အစိုးရကျောင်းသင်ရိုးညွန်း တမ်းရှိ မြန်မာဖတ်စာဘာသာရပ်များနှင့် မြန်မာ့ သမိုင်းဘာသာရပ်များတွင်များစွာတွေ့ရှိရခြင်းကြောင် ့ ဖြစ်သည်။
ဤသုတေသနစာတမ်း၏ အဓိကအထူးပြုလေ့လာသည့်အရာမှာ အထက်ဖော်ပြပါ ကျောင်းသင်ရိုးညွန်း တမ်းများအထဲမှ မြန်မာဖတ်စာ ၊ သမိုင်းဘာသာရပ်များ တည်ဆောက်ထားပုံ ၊ ဖွဲ့စည်းထားပုံ ၊ ပြဌာန်း ချက်များသည် ဗမာယဉ်ကျေးမှု ၊ စာပေဓလေ့ ၊ သမိုင်းများကိုသာ အခြေခံထားသည့်အတွက် မြန်မာ့လူမှု ဝန်းကျင်အတွင်းဖြစ်ပေါ်လာသည့် လူမျိုးရေးဆိုင်ရာမသင့်မြတ်မှု ၊ ဘာသာရေး ၊ ယဉ်ကျေးမှု ၊ စာပေ နှင့် သမိုင်းဆိုင်ရာ အထင်မြင်လွဲမှားမှုများအပေါ် မည်ကဲ့သို့ သက်ရောက်မှုများ ၊ ဆက်စပ်မှုများ နှင့် လွှမ်းမိုးမှု များရှိသည်ကိုလေ့လာခြင်းဖြစ်သည်။ ထိုသို့ ပတ်သက်ဆက်စပ်မှုနှင့် သက်ရောက်မှုများ၏ အတိမ် အနက်များကို ပြန်လည်ဆန်းစစ်လေ့လာ၍ အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေရန်အတွက် ကျောင်းသင်ရိုးညွန်းတမ်းဆိုင်ရာ ပြဌာန်းချက်များ၏အခန်း ကဏ္ဍများကိုထောက်ပြလိုခြင်းသည် ဤသုတေသန၏ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဤသုတေသန သည်ယခုမြန််မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်နိုင်ငံရေးပြသနာများ ၊ လူမျိိုးရေးပဋိပက္ခများ ကို ကျောင်း သင်ရိုးများလေ့လာခြင်းဖြင့် ထောက်ပြရုံသာမက အနာဂတ်တွင် လိုအပ်သည့်စဉ်ဆက် မပြတ်ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာစေရန် အတွက်လည်း ဆိုခဲ့ပါသင်ရိုးညွန်းတမ်းများ၏ အခန်းကဏ္ဍ ၊ အရေးပါမှုများကို မီးမောင်းထိုးဖော်ပြထားရန်လေ့လာခြင်းဖြစ်သည်။ ထို့ကြောင့် ဤသုတေသနစာတမ်းသည် အထူးပင်အရေးကြီးသည်ဟုဆိုရမည်ဖြစ်သည်။

မြန်မာ့ပညာရေး၏နောက်ခံသမိုင်း
မြန်မာပြည်၏လက်ရှိပညာရေးအကြောင်းသော်လည်းကောင်း ၊ ပညာရေးစနစ်သော်လည်းကောင်း ၊ သင်ရိုး ညွန်းတမ်းများကိုသော်လည်းကောင်း ၊ ပညာရေးပြုပြင်ပြောင်းလဲရန်လေ့သည်ရှိသော်လည်းကောင်း ၊ မြန်မာ့ ပညာရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ဆောင်မည်ဆိုပါက မြန်မာ့ပညာရေးသမိုင်းကိုဦးစွာ လေ့လာရမည်ဖြစ်သည်။ အထူးသဖြင့် ယခုပြုလုပ်သည့် သုတေသနစာတမ်းအတွက်မူ မြန်မာ့ပညာ ရေးသမိုင်းကြောင်းများကိုဦးစွာနားလည်ရန် အထူးအရေးကြီးပေသည်။ ထိုမှ လက်ရှိပညာရေးနှင့် သင်ရိုး ညွန်းတမ်းဆိုင်ရာကိစ္စများကို သုံးသပ်လေ့လာ ခွဲခြမ်းစိတ်ဖြာရာတွင်အရေးကြီးသည့် အကျိိုးအကြောင်း ဆက်စပ်မှု ၊ ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားနိုင်ငံရေးအခြေနေများကို ဆက်စပ်တွေးခေါ်ထောက်ပြနိုင်မည်ဖြစ် ပါသည်။ ထို့ကြောင့်ဤအခန်းတွင် ပညာရေးသမိုင်းဆိုင်ရာများကို ကိုလိုနီခေတ်မတိုင်မီ နှင့် ကိုလိုနီခေတ် ပညာရေးဆိုင်ရာအခြေနေများကို အကျဉ်းမျှဖော်ပြသွားပါမည်။ ထိုသမိုင်းအကျဉ်းများသည် လွတ်လပ်ရေး ကာလ နှင့်ယခုထိတည်ရှိနေသော မြန်မာ့ပညာရေးနှင့်သင်ရိုးများကို ပိုမိုရှင်းလင်းစွာနာလည်စေမည်ဖြစ် သည်။

ကိုလိုနီခေတ်မတိုင်မီပညာရေးသမိုင်းအကျဉ်း
ဗြိတိသျှခေတ်မတိုင်မီ ၊ မြန်မာဘုရင်ခေတ် ပညာရေးကိုပြန်လည်လေ့လာမည်ဆိုပါက ဗုဒ္ဓဘာသာ မြန်မာ ဘုရင်များလက်ထက်မည်ကဲ့သို့ရောက်သည်ကိုဦးစွာပြန်လည်လေ့လာရပေမည်။ အဘယ့်ကြောင့်ဆိုသော် ပညာရေးဟုဆိုရမည့် မြန််မာ့စာပေ ၊ မြန်မာ့ပညာရေး စတင်လာခဲ့သည်မှာလည်း ဗုဒ္ဓဘာသာကျမ်းဂန်များ မှီညမ်းမှုမှစတင်သည်ဆိုမှတ်သားရသည်။ ထို့ကြောင့် (ပညာမင်းကြီး စည်သူဦးကောင်း ၁၉၉၅ ၊ ၂၀၁၉ ၊ စာ ၂၁ တွင် ….
(၁၀ ရာစုမတိုင်းမီ တစ်ချိန်ချိန်က ပြည်တွင်းသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာသည့်အခါမှစ၍ ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏တစ်စိတ်တစ်ဒေသကို သိမ်းပိုက်လျက် အင်္ဂလိပ်ကျောင်းများ တည်ထောင်လာခဲ့ကြသည်အထိ မြန်မာနိုင်ငံ၏ ပညာရေးကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များကအဓိကအားဖြင့် အခမဲ့တာဝန်ယူလုပ်ဆောင်လာခဲ့ကြသည်။ ပညာရေး၏ရည်ရွယ်ချက်မှာ ဘာသာရေးယဉ်ကျေးမှုကိုပေးရန်ဖြစ်၍ ကျဉ်းမြောင်းသော အဓိပ္ပယ်ရှိသည့် လောကီရေး အောင် မြင်မှုများအတွက် တပည့်များကိုပြင်ဆင်ပေးရန်မဟုတ်ပေ။ ဤရည်မှန်းချက်ကို ဘုန်းတော်ကြီး ကျောင်းများ၏ သင့်တင့်လျောက်ပတ်သော ဘဝနှင့် ပတ်ဝန်းကျင် ၊ ဆရာတော်ကြီးများ၏ သြဇာ နှင့်လေ့လာရသော စာပေ ကျမ်းဂန်များ၏အစွမ်းဖြင့် ပေါက်မြောက်အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့ကြသည်။)
ထို့အပြင်မြန်မာစာပေသည် ဗုဒ္ဓဘာသာဘာသာ ကျမ်းဂန်များမှဆင်းသက်လာသည်ဟုဆိုရမည်။ အစတွင် ဗုဒ္ဓတရာတော်များသည် ပါဠိဘာသာ ကျမ်းစာများဖြင့် မြန်မာပြည်တွင်းသို့ရောက်ရှိလာခဲ့သည်။ ထိုကြောင့် ပါဠိဘာသာကို မြန်မာတို့က မူလဘာသာ ဟုခေါ်ဆိုသုံးနှုန်းကြခြင်းဖြစ်သည်ဟုဆိုရမည်။ ထိုအတူ ၁၀၅၈ ခုနှစ်တွင် မွန်အက္ခရာများကိုသုံး၍ မြန်မာစာပေအရေးအသားကိုတီထွင်နိုင်ခဲ့ကြောင်းလည်းတွေ့ရသည်။ အလားတူစွာ ဗုဒ္ဓ စာပေကျမ်းများသည် စာပေတစ်တည်းကိုလွှမ်းမိုးခြင်းမဟုတ်ဘဲ ယဉ်ကျေးမှု၊ ဓလေ့၊ အနု ပညာလက်ရာများ ၊ တွေးခေါ်ယူဆ ကျင့်ကြံမှုများအထိစိမ့်ဝင်လွှမ်းမိုးကြောင်းကို သုတ္တံ ပိဋကတ်တော်ကို ဖွဲ့စည်းအပ်သော နိကယ်ငါးကျမ်းသည် မြန်မာစာပေ နှင့် အနုပညာ အတွက်အကြောင်းအရာများကို ဖြည့် ဆည်းပေးလျက်ရှိ သည်။ ဥပမာ ဇတ်တော်ကြီးများမှလာသော ဇတ်လမ်းဇတ်ကွက် ပုံပြင်များ ၊ ဗျို့ကဗျာ များကဲ့သို့သော အနု ပညာနယ်ပယ်များတွင်တွေ့ရသည့် ၊ ပန်းချီ ၊ပန်းပုလက်ရာများ ၊ သဏ္ဍာရီများ ၊ ပြဇတ် ၊ ဝတ္တု စသည့်တို့ အထိ အနုပညာနယ်ပယ်အနှံ့အပြား၌ တွေ့မြင်နိုင်ပေသည် (ပညာမင်းကြီး စည်သူဦး ကောင်း ၊ ၂၀၁၉ ၊ စာ ၃၄-၃၉ ၊ ၄၇)။ ထိုအခြင်းအရာသည် မြန်မာလူမျိိုးများ၏ လူနေမှုစနစ် ၊ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ ၊ ကိုးကွယ်မှု ၊ တွေးခေါ်မှု သည် ဗုဒ္ဒ္ဓဘာသာအဆုံးအမများနှင့် ခိုင်မာစွာဆက်နွှယ်ထား ကြောင်းတွေ့ရှိရပါသည်။
ထိုအခြေနေအရ ဗုဒ္ဓကျမ်းများတွင် မြစ်ဖျားခံသည့် မြန်မာ့စာပေသည်လည်း ခေတ်ကာလပေါင်းများစွာတွင် ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓဆရာတော်များ၏ကြိုးပမ်းအားထုတ်ထိန်းသိမ်းမှုများကိုများစွာလေ့လာရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဒေါက်တာသန်းဦး ၊ ၂၀၁၈ ၊ စာ ၂၅-၂၆တွင် …
မြန်မာစာလုံး အက္ခရာစာပေအဖြစ်ဖြင့် ခိုင်လုံသော အထောက်အထားကို ကောဇာသက္ကရာဇ် ၄၂၀ ခုနှစ်ထိုး ရှေးအကျဆုံး ပုဂံလက်သည်းရှည်ဘုရားကျောက်စာနှင့် သက္ကရာဇ် ၄၄၆ ခုနှစ်ထိုးမြစေတီ ကျောက်စာတို့တွင်အထင်အရှားတွေ့ရည်သည်။
ထိုသို့ ကိုးကွယ်သည့်ဘာသာကိုအကြောင်းပြုလျက် စာပေပေါ်ပေါက်ထွန်းကားခဲ့ရာ၌ ထိုစာပေများကို ဘာသာရေးဦးစီးဦးကိုင်များဖြစ်တော်မူကြကုန်သော သာသနာ့ဝန်ထမ်းရဟန်း တော်များသည်ပင်လျှင်ထိန်းသိမ်းဆောင်ရွက်စောင့်ရှောက်တော်မူခဲ့ကြသည်။ ပုဂံခေတ်ဦးးမှအစပြု၍ ၁၁ ရာစုနောက်ပိုင်း မြန်မာနိုင်ငံတော်တွင် ဘုန်းတော်ကြီးကျောင်းများသည် ပညာရှာမှီးရာ ပိဋကတ်တိုက်များသဖွယ်အဖြစ်လည်းကောင်း ၊ စာပေများစုဆောင်းသိုမှီရာ စာပေ ဘဏ်တိုက်များအဖြစ်လည်းကောင်း ၊ စာပေပညာ ၊ အတတ်ပညာ သင်ကြားရာစာသင်ကျောင်း များ ၊ တက္ကသိုလ်ကြီးများအဖြစ်လည်းကောင်း တည်ရှိလာခဲ့ပေသည်။

ထိုသို့ဆိုသော် ဗြိတိသျှခေတ်မ တိုင်မီအချိန်က မြန်မာနိုင်ငံ၏ ပညာရေး ဆိုသည်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု ကိုဆိုလိုခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း များမှ ဘုန်းတော်ကြီးများမှတာ ဝန်ယူဦးဆောင်ခဲ့ကြသည်။ ထို့ကြောင့် မြန််မာ့အတွေးအခေါ် ၊ အနုပညာ ၊ မြန်မာ့ဘဝ များကိုလေ့လာသူများအဖို့ ဗုဒ္ဓ ဘာသာက မြန်မာ တို့အား ခိုင်ခိုင်မြဲမြဲရှင်းရှင်းလင်းလင်း ချမှတ်ပြဌာန်းပေးထားသည်ဆိုသောအချက်ကို မတွေ့ရှိဘဲ မသိမြင်ဘဲ နေ၍ မရနိုင်ပေ။ ထို့ကြောင့် မြန်မာ့ စာပေလောက ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ ၊ အနုပညာရပ်ဝန်းများ တွင် ဗုဒ္ဓဘာသာ ကျမ်းဂန်များ၏အခန်း ကဏ္ဍနှင့် ထိုစာပေဆက်လက်ပြန့်ပွားရန် နှင့် ထိန်းသိမ်းပြုစုရာတွင် ဘုန်တော်ကြီးကျောင်းများနှင့် သာသနာ့ဝန်ထမ်းရဟန်းများ၏ အရေးကြီးပုံများကို ထင်းရှားစွာလေ့လာတွေ့ ရှိရပါသည်။

 

နောက်ထပ် အပိုင်းများကို ဆက်လက် ဖော်ပြပါမည်