Input your search keywords and press Enter.

တန်းတူရည်တူ ပညာသင်ယူခွင့်ရရေး ဖော်ဆောင်ပေးပါ

 

 

သွေး (စစ်ကိုင်း)၊ ဇူလိုင် ၂၃၊ ၂၀၂၀

“ကိုဗစ်-၁၉” ရောဂါ ဖြစ်ပွားမှုကြောင့် ဖွင့်ချိန်နောက်ဆုတ်ခဲ့ရတဲ့ ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့က စပြီး ပြန်ဖွင့်ဖို့ စီစဉ်လာရာမှာ အထက်တန်းကျောင်းတွေကို အရင် စဖွင့်လှစ်ခဲ့ပါပြီ။ အဲဒီလို ဖွင့်လှစ်ရာမှာ ပြန်ဖွင့်နိုင်တဲ့ ကျောင်းတွေ ရှိသလို ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးတဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။ ပညာရေးဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ပြီး ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်သလို ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းတက်ခွင့် ရဖို့ကလည်း အရေးကြီးလှ ပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ကျောင်းသူ/ကျောင်းသားတွေဟာ အခက်အခဲကြားထဲက ပညာဆည်းပူးနေကြရတာ ဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းကျောင်း ၂၀၇ ကျောင်းရှိတဲ့ အထဲက ၂၁ ကျောင်းကိုပဲ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ လို့လည်း သိရပါတယ်။ ဖလမ်းမြို့နယ်မှာ ဆိုရင် အထက်တန်း ကျောင်း ၃၂ ကျောင်း ရှိတဲ့ အထဲက ၇ ကျောင်းပဲ ပြန်ဖွင့်နိုင်သေးလို့ ကျောင်းအားလုံး ပြန်ဖွင့်နိုင်ရေး ကြိုးပမ်းရဦးမှာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ အတိုင်း လိုက်နာတာ ဖြစ်ပြီး “အေ” အဆင့် ရတဲ့ ကျောင်းတွေကိုပဲ ဖွင့်ခွင့်ပေးတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ကျောင်းတွေ ပြန်ဖွင့် မပေးနိုင်သေးတာ စိတ်မကောင်းစရာပါ။ ပလက်ဝမြို့နယ်မှာ အထက်တန်းကျောင်း ၁၃ ကျောင်း ရှိပြီး ပြန်ဖွင့်ဖို့ စီစဉ်ပေမယ့် မဖွင့်နိုင်သေးတာက စည်းကမ်းသတ်မှတ်ချက် “အေ” အဆင့်မှာ မရှိသေးတာကြောင့်လို့လည်း သိရပါတယ်။

တစ်ဖက်ကလည်း ကျောင်းတွေ အချိန်မီ ပြန်မဖွင့်နိုင်သေးတဲ့ အတွက် ချင်းတိုင်းရင်းသားတွေရဲ့ ပညာရေးမှာ နှောင့်နှေးမှုတွေ ဖြစ်လာမှာကလည်း စိတ်ပူစရာပါ။ ပလက်ဝမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း သောင်းဂဏန်းအထိ ရှိနေလို့ အဲဒီထဲက ကျောင်းနေအရွယ်တွေ ကျောင်းတက်နိုင်ရေးကိုလည်း အလေးပေးဆောင်ရွက်ရမယ့် အနေအထားလည်း ရှိနေပါတယ်။

ပြည်နယ်တွေရဲ့ ဝေးလံသီခေါင်တဲ့ နေရာတွေ ဆိုရင် ကျောင်းဆရာ/ ဆရာမ မလုံလောက်တဲ့ ပြဿနာကို အရင်ကတည်းက နှစ်ပေါင်းများစွာ ရင်ဆိုင်လာခဲ့ရတာပါ။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်ငွေ ပိုမိုသုံးစွဲခဲ့ပေမဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း‌ပေးနိုင်ခြင်း မရှိသေးပါဘူး။

ကျောင်းတက်ဖို့အတွက် စာသင်ကျောင်းကို သွားရတာ မိုးရာသီမှာ ပိုပြီး ခက်ခဲပါတယ်။ ပလက်ဝမြို့နယ်ဟာ နယ်မြေ တည်ငြိမ်မှု မရှိဘဲ တိုက်ပွဲတွေ ဖြစ်နေတာကြောင့်လည်း လာရောက်တာဝန်ထမ်း‌ဆောင်လိုတဲ့ ဆရာ/ဆရာမတွေ နည်းပါးနေတာလို့ မြို့နယ်ပညာရေးမှူး ပြောကြားတာကို Chin World မီဒီယာမှာ ဖတ်ရှုလိုက်ရပါတယ်။

ဥပမာအားဖြင့် ပလက်ဝမြို့နယ် သံတောင်ကျေးရွာက စာသင်ကျောင်းမှာ အထက်တန်းပြ ဆရာ ၂ ဦးပဲ ရှိတာကြောင့် တော်တော်လေး နည်းပါးနေတာလို့ ဆိုရမှာပါ။ ဒါကြောင့် ဒေသခံ ကျောင်းသားမိဘတွေက စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေ ငှားရမ်း ခန့်အပ်ဖို့ ပြင်ဆင်နေကြောင်းလည်း သူက ပြောပါတယ်။

ဒီလို ခန့်အပ်ရာမှာလည်း အစိုးရဘက်က လစာပေးမှာ မဟုတ်ဘဲ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ တစ်ဦးအတွက် စားစရိတ်ငြိမ်း တစ်လ ကျပ် ၄၅၀၀၀ နဲ့ ကျောင်းသားမိဘတွေက ပိုက်ဆံထည့်ဝင်ပြီး ခန့်အပ်ရမှာပါ။ တကယ်လို့သာ အစိုးရဘက်က ချင်းပြည်နယ်ကို သွားရောက်တာဝန်ထမ်းဆောင်မယ့် ဆရာ/ဆရာမတွေကို ပုံမှန်လစာ အပြင် ထောက်ပံ့မှုတွေ ပြုလုပ်ပေးမယ်ဆိုရင် ဒီလို ဆရာ/ဆရာမ နည်းပါးတဲ့ အကျပ်အတည်းကနေ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေလာနိုင်မှာကိုလည်း တွေးဆမိပါတယ်။

“အခမဲ့” ပညာရေးလို့ ဆိုပေမဲ့ တောင်တန်းဒေသတွေဟာ ပြည်မထက် ပိုပြီး ခဲယဉ်းနေတာဟာ လက်တွေ့ အမှန်ပါ။ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတယ် ဆိုရင် ပညာရေးကဏ္ဍမှာ ကူညီပံ့ပိုးမှု ထိထိရောက်ရောက် ပေးနိုင်မှပဲ ပညာသင်ယူရေး အခက်အခဲကို ကျော်လွန်လာနိုင်မှာ ဖြစ်ပါတယ်။ ပကတိ အနေအထားကို ပြန်ကြည့်ရင် ချင်းပြည်နယ် တစ်ခုလုံးမှာတောင် လျှပ်စစ်မီး မရသေးတဲ့ နေရာတွေ ရှိနေသေးတာက ပညာရေး အတွက် အဟန့်အတား ဖြစ်နေဆဲလို့လည်း ပြောရမှာပါပဲ။ ဖယောင်းတိုင်၊ ဘက်ထရီတို့နဲ့ စာကျက်ရတာနဲ့ နှိုင်းယှဉ်ရင် လျှပ်စစ်မီးရောင်နဲ့ စာကျက်ရတာ ပိုအဆင်ပြေမှာကို အထူးပြောစရာ လိုမယ် မထင်ပါ။

ဆရာ/ ဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အတွက် အဓိကတာဝန်ရှိတာက ပညာရေးဝန်ကြီး ဌာနပါပဲ။ ပညာရေးဝန်ကြီးဌာနဘက်က အခြေခံကျတဲ့ ပံ့ပိုးမှုတွေတွေ ပြုလုပ်ပေးနိုင်ရင် ချင်းပြည်နယ်သာ မကဘဲ ကျန်တဲ့ ပြည်နယ်တွေမှာလည်း ဆရာ/ဆရာမ အင်အား လုံလုံလောက်လောက် ပြည့်ဝလာမှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်မှာ သာမက မတူပီမြို့နယ်မှာလည်း ဆရာ/ဆရာမ မလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ် လို့ ကြားသိရပါတယ်။ မတူပီမြို့နယ်၊ “ဆဘောင်းပီ” ကျေးရွာမှာ ဆိုရင် အထက်တန်းပြ ဆရာ တစ်ဦးတည်းပဲ ရှိတဲ့ အတွက် ကျောင်းသားမိဘတွေ၊ ရပ်ရွာပြည်သူတွေက ပိုက်ဆံစုပြီး ဆရာတွေကို ငှားရမ်းနေရပါတယ်။ ဆရာတစ်ယောက်ကို လစာ တစ်လ ကျပ် ၃ သိန်းနဲ့ ငှားရမ်းဖို့ စီစဉ်နေတဲ့ အကြောင်းကို သိရသလို တခြားကျောင်းတွေမှာလည်း ဆရာ/ဆရာမ အင်အား မလုံလောက်လို့ ငှားရမ်းဖို့ လုပ်ဆောင်နေကြတာကိုလည်း ကြားသိရပါတယ်။

ဖြစ်သင့်တာက ချင်းပြည်နယ်က အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေမှာ ဆရာ/ဆရာမ အင်အား လိုအပ်ချက် ဘယ်လောက်ရှိနေတယ် ဆိုတာ စနစ်တကျ စာရင်းပြုစုပြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့် ပါတယ်။ အခြေအနေအရ လိုအပ်လာတဲ့ ဆရာ/ဆရာမ ဦးရေကို ပညာရေးဝန်ကြီးဌာနနဲ့ ဒေသခံ ပြည်သူများ ချိတ်ဆက် ညှိနှိုင်းပေးပြီး ပညာရေးကို မြှင့်တင်ပေးရမှာပါ။

ကျောင်းသားအင်အားနဲ့ ဆရာအင်အား မလုံလောက် မမျှတရင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမတွေ အတွက် ပိုပြီးဝန်လေး ပင်ပန်းစေနိုင်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနက ထုတ်ပြန်တဲ့ လိုက်နာရမယ့် အချက်တွေထဲမှာ ကျောင်းတက်ချိန်၊ ကျောင်းဝင်းအတွင်း ဝင်ရောက်ချိန်၊ အတန်းထဲ ဝင်စဉ်၊ အတန်းထဲမှ ထွက်ခွာစဉ်နှင့် ကျောင်းဆင်းချိန်တွေမှာ တစ်ဦးနှင့်တစ်ဦး ၆ ပေခွာဖို့၊ ကျောင်းဝင်ပေါက်မှာ ကိုယ်အပူချိန်တိုင်းတာ ခံယူဖို့၊ ဆပ်ပြာနှင့် ရေကို အသုံးပြုပြီး လက်ကို စက္ကန့် ၂၀ ကြာ သန့်စင်ဖို့၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့နဲ့ မျက်နှာအကာ (Face Shield) တွေကို စနစ်တကျ တပ်ဆင်ဖို့၊ စာရေးကိရိယာ တွေ၊ အသုံးအဆောင်တွေကို တစ်ခြားသူတွေနဲ့ မျှဝေ မသုံးစွဲဖို့ စတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။

ဆပ်ပြာနဲ့ ရေကို သုံးပြီး လက်ဆေးဖို့က သိပ်အခက်အခဲ မရှိနိုင်ပေမဲ့ Mask နဲ့ Face Shield တွေ လုံလောက်မှု ရှိ/မရှိက ထည့်သွင်းစဉ်းစားစရာပါ။ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့မှုထဲမှာ ကျောင်းသားတစ်ဦး အတွက် Mask နှစ်ခုနဲ့ Face Shield တစ်ခုနှုန်း ထောက်ပံ့ပေးထားတယ် လို့လည်း သိရပါတယ်။ ဒီထောက်ပံ့မှုဟာ ကိုဗစ် ကာကွယ်ရေး အတွက် ထိရောက်မှု ရှိ/မရှိ၊ လိုက်နာဖို့ကြီးကြပ်တဲ့ ဆရာ/ဆရာမ အင်အား စတာတွေကလည်း ထိရောက်တဲ့ ပညာရေး အတွက် ထည့်သွင်းစဉ်းစားရမှာ တွေပါပဲ။

တိုက်ပွဲတွေကြောင့် ရန်ကုန်တိုင်းဒေသူကြီး မှော်ဘီမြို့နယ်ကို ရောက်ရှိလာတဲ့ ပလက်ဝက ချင်းတိုင်းရင်းသားတွေ ထဲမှာလည်း ကျောင်းနေအရွယ်တွေ ပါဝင်နေပါတယ်။ မူလတန်းကနေ အထက်တန်းအထိ ကျောင်းသား/ ကျောင်းသူ ၆၆ ယောက် ပါဝင်နေတာကြောင့် သူတို့ရဲ့ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးကိုလည်း အကူအညီပေးဖို့ လိုအပ်နေပါတယ်။

တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ကာလ အတွင်းမှာ အားလုံး အတွက် အခြေခံကျတဲ့ ပညာရေးကဏ္ဍမှာ တန်းတူပညာသင်ယူခွင့် ရရှိရေးနဲ့ ပညာသင်ကြားပေးနိုင်ရေးလည်း အရေးပါ အရေးကြီး နေပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မှာသာမက မြန်မာနိုင်ငံရဲ့ တခြားနေရာဒေသတွေမှာ ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသား အားလုံး လုံခြုံစွာ ပညာသင်ယူခွင့် ရရှိရေး လက်တွေ့ကျကျ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။

ဒီထက်ပိုပြီး ပြောရရင် မြန်မာတစ်နိုင်ငံလုံး မည်သည့်တိုင်းရင်းသား ဒေသတွင်မဆို ပညာရေးကဏ္ဍ အတွက် အခြေခံကျတဲ့ တိုးမြှင့်လုပ်ဆောင်ပေးမှုတွေ ဖော်ဆောင်ပေးသင့်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။