Input your search keywords and press Enter.

ကိုယ်ပိုင်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း ဘာသာရပ် သင်တန်းကျောင်းများ မဖွင့်လှစ်နိုင်သေး

Salai Khup Khup

ကိုဗစ် – ၁၉ ကြောင့် ပိတ်ထားရသည့် အစိုးရကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း ဘာသာရပ် သင်တန်းကျောင်း (ဘော်ဒါ) များ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဖလမ်းမြို့တွင် ကိုယ်ပိုင်ဘာသာရပ်သင်တန်းကျောင်း ဖွင့်ထားသူ ဦးပါဗျက်ကပြောသည်။

ဦးပါဗျက်က “ကျတော်တို့က ကိုယ်ပိုင်အထက်တန်းကျောင်း မဟုတ်ဘူး၊ ကိုယ်ပိုင်ဘာသာရပ် သင်တန်းကျောင်း ဖြစ်တယ်၊ အခုက အစိုးရကျောင်းတွေ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဖွင့်လို့ရနေပြီ၊ ကျတော်တို့က ဖွင့်လို့မရသေးဘူး၊ ဖွင့်လို့မရသေးတဲ့ အကြောင်းပြချက်ကိုလည်း မပြောဘူး၊ သူတို့က သင်တန်းမဖွင့်ဖို့ စာဘဲလာပေးသွားတယ်၊ အစိုးရကျောင်းတွေကိုတော့ သတ်မှတ်ချက်တွေပေးပြီး ပြည့်မီရင် ဖွင့်တယ်၊ ကျတော်တို့ကို သတ်မှတ်ချက်တွေ ညွှန်ကြားတာလည်း မရှိဘူးဆိုတော့ ကျတော်တို့ဖက်ကလည်း ဘာမှပြင်ဆင်စရာလည်း မသိဘူး”ဟုပြောသည်။

အစိုးရကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်၍ ရနေပြီ ဖြစ်ကြောင်း ကလေးမြို့အခြေစိုက် YCW ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်တည်ထောင်သူ ဦးဂျိမ်းစ် ဒါရ်ရိုထန်းက ပြောသည်။

ဦးဂျိမ်းစ် ဒါရ်ရိုထန်းက “မနေ့ကနေစပြီး ပြန်ဖွင့်လို့ရသွားပြီ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ တစ်ဝကေ်လာက်ဘဲ ဖွင့်လို့ရသေးတယ်လို့ သိရတယ်၊ အဓိကတော့ အစိုးရဲ့ သတ်မှတ်ချက်အပေါ် စစ်ဆေးပြီး A အဆင့်ရတဲ့သူတွေကို ဖွင့်ခွင့်ပေးတာဖြစ်တယ်၊ အစိုးရက သက်မှတ်ထားတဲ့ A အဆင့်ရအောင် ကြိုးစားမယ်ဆိုရင် ပြန်ဖွင့်နိုင်မယ်လို့ထင်ပါတယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင်းရှိ ကျေးရွာတော်တော်များများတွင် အထက်တန်းကျောင်း မရှိသဖြင့် အထက်တန်းတက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့် မြို့ပေါ်ရှိ ကိုယ်ပိုင်ဘာသာရပ် သင်တန်းကျောင်းများတွင် နေထိုင်ပြီး အစိုးရကျောင်းများတွင် ကျောင်းတက်ရောက်ရ သဖြင့် ယခုအချိန်ထိ ကိုယ်ပိုင်ဘာသာရပ်သင်တန်းကျောင်းများ မဖွင့်လှစ်နိုင်သေးသဖြင့် ကျေးရွာနေ အထက်တန်းကျောင်းသူ ကျောင်းသားများအတွက် အခက်အခဲဖြစ်နေကြောင်း ဦးပါဗျက်ကပြောသည်။

ဦးပါဗျက်က “ချင်းတောင်မှာ ခက်ခဲတာက ကျေးရွာတိုင်းမှာ အထက်တန်းကျောင်းမရှိဘူး၊ ဖလမ်းမြို့ပေါ်လူဦးရေက တစ်သောင်းရှိချင်ရှိမယ်၊ ကျေးရွာနေ လူဦးရေက သုံးသောင်းလောက်ရှိတယ်၊ ရွာတိုင်းမှာလည်း အထက်တန်းကျောင်းမရှိတော့ အထက်တန်းကျောင်းသူကျောင်းသား တွေအတွက် အခက်ခဲဖြစ်မယ်၊ ကိုယ်ပိုင်အိမ်ဌားပြီး နေရမလား အုပ်ထိန်းသူမရှိရင် ပျက်စီးမဲ့လူက များတယ်၊ ကျောင်းဘဲနားရမလား အဲလိုဖြစ်တယ်”ဟုပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း အစိုးရအနေဖြင့် ကျန်းမာရေးကို အဓိကထား ဆောင်ရွက်သဖြင့် ပညာရေးပိုင်းတွင် အနည်းနှင့်အများ ထိခိုက်နစ်နာမှုများ ရှိနိုင်ကြောင်း ချင်းပြည်နယ် ပြည်နယ် ပညာရေးမှူး ဦးဘီကူးဒူကပြောသည်။

ချင်းပြည်နယ် ပြည်နယ် ပညာရေးမှူး ဦးဘီကူးဒူက “သတ်မှတ်ချက်နဲ့ညီရင် ဖွင့်မှာဘဲ၊ အခုချင်းပြည်နယ်မှာ နှစ်ကျောင်းဖွင့်ပြီ၊ ဟားခါးမြို့မှာ တစ်ခု ထန်တလန်မှာ တစ်ခု ဖွင့်ပြီ၊ ကျန်းမာရေးဌာနက ခွင့်ပြုချက်ပေးလို့ ဖွင့်တာဖြစ်တယ်၊ နိုင်ငံတော်အဆင့်ကနေ ကျန်းမာရေးကို အဓိက ဦးတည်ပြီး လုပ်တာဆိုတော့ ပညာရေးပိုင်းက အနည်းနဲ့များ ထိခိုက်နစ်နာမှု ရှိမှာပေါ့”ဟုပြောသည်။

ဇူလိုင်လ (၂၁)ရက်နေ့မှစပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ပေးသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အစိုးရကျောင်းတော်တော်များများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။