Input your search keywords and press Enter.

ချင်းပြည်နယ်ရှိအထက်တန်းကျောင်း(၂၀၇) ကျောင်းထဲမှ (၂၁)ကျောင်းစတင်ဖွင့်လှစ်

Salai Khup Khup

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ချင်းပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းပေါင်း (၂၀၇) ကျောင်းထဲမှ (၂၁) ကျောင်းကို ယနေ့ဇူလိုင်(၂၁)ရက်နေ့တွင်ဖွင့်လှစ်ပြီဟု ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူကပြောသည်။

ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက “ချင်းပြည်နယ်မှာ အ.ထ.က၊ အ.ထ.က(ခွဲ)ကျောင်းပေါင်း ၂၀၇ ကျောင်းရှိတယ် အဲဒီထဲမှာ (၂၁) ကျောင်းကတော့ ဒီနေ့ဖွင့်နိုင်ပြီ တခြားကျောင်းတွေကိုတော့ ကျန်းမာရေးဌာနဖက်က စည်းကမ်းချက်နဲ့အညီ ကိုက်ညီဖို့ စစ်ဆေးနေရတုန်းဖြစ်တယ်”ဟုပြောသည်။

ချင်းပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း အချို့ကိုလည်း Covid-19 ရောဂါနှင့် ပက်သက်၍ ကျောင်းမှထုတ်ပြန်သည့် စည်းကမ်းများနှင့်အညီ အထက်တန်းကျောင်း အချို့ကို ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ် ပညာရေးမှုး ဒေါ်ငွန်ပဲန်က “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ အချက် ၈၈ ချက်ကို ပေးတယ် ကျမတို့က အဲ အချက် ၈၈ ချက်နဲ့ညီအောင် ဖြည့်ဆီးပေးတယ် အဲဒါကို ခရိုင်ဆေးရုံအုပ်ကြီး အဖွဲ့က ပြန်လည်စစ်ဆေးတယ် စစ်ဆေးလို့ A အဆင့် ရတဲ့ကျောင်းတွေကို အခုလောလောဆယ် ဖွင့်တယ် မဖွင့်နိုင်သေးတဲ့ ကျောင်းတွေကိုတော့ ခရိုင်ဆေးရုံအုပ်နဲ့ အဖွဲ့ကနေ မစစ်ဆေးသေးတဲ့ ကျောင်းတွေကို မဖွင့်သေးဘူး”ဟုပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် အ.ထ.က၊ အ.ထ.က (တွဲ)၊ အ.ထ.က(ခွဲ) ကျောင်းပေါင်း ၃၂ ကျောင်းရှိပြီး လက်ရှိ အ.ထ.က ကျောင်း(၁၆)ကျောင်းတွင် (၇)ကျောင်း ဖွင့်ပြီး ၂၅ ကျောင်းလောက်ကို ဖွင့်လှစ် နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
ဖလမ်းမြို့နယ် ပညာရေးမှုး ဒေါ်ငွန်ပဲန်က “မြို့ပေါ်သုံးကျောင်း နယ်မှာလေးကျောင်းကို လက်ရှိဖွင့်နိုင်တယ် ၇ ကျောင်းလောက်ဖွင့်တယ် ကျန်တဲ့ ၂၅ ကျောင်းကတော့ စစ်ဆေးမှုမပေးသေးလို့ အကယ်လို့ C အဆင့် တို့ဖြစ်ခဲ့ရင်လည်း ကျမတို့ပြန်ပြင်မယ် တဂယ်လို့ A အဆင့်တွေရှိရင်လည်း တစ်နေ့ပြီးတစ်နေ့ ဖွင့်မှာဖြစ်တယ်”ဟုပြောသည်။

ကိုဗစ်ကာလတွင် အစိုးရကျောင်းများကို ဇူလိုင် (၂၁)ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်နိုင်ပြီ ဖြစ်သော်လည်း ကိုယ်ပိုင်အထက်တန်းကျောင်းများမှာ ဖွင့်လှစ်၍မရသေးကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အထက်တန်းကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ပြီဖြစ်ကြောင်းသိရသည်။