Input your search keywords and press Enter.

ခရိုင်အဆင့် အခြေခံလိုအပ်ချက်များ မပြည့်စုံသေးခြင်းကြောင့် တီးတိန်မြို့ကို ခရိုင်အဆင့်မပေးရသေးခြင်းဖြစ်ဟု ဝန်ကြီးချုပ်ပြော

 

Salai C.Lian

တီးတိန်မြို့ ကို ယနေ့ထိ ခရိုင်အဆင့်မတိုးပေးသေးရသေးခြင်းမှာ ခရိုင်အဆင့်အခြေခံလိုအပ်ချက်များ မပြည့်စုံသေးခြင်းကြောင့်ဟု ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။

ဝန်ကြီးချုပ်က “ကျွန်တော်တို့ တီးတိန်မြို့ကို ခရိုင်မပေးချင်တာမဟုတ်ဘူး၊ တစ်ပြည်နယ်လုံးမှာ မြို့သစ်တိုးချဲ့တာတွေရှိတယ်၊ လက်ရှိခရိုင်အသစ်ဖြစ်တဲ့ မတူပီမှာလည်း အဆောက်အဦးတွေ လိုအပ်သေးတယ်၊ ဆိုတော့ လိုအပ်ချက်တွေ အကုန်မပြည့်စုံသေးရင်တော့ ခရိုင်အသစ်ပြန်ချဲ့ဖို့ မဖြစ်နိုင်သေးဘူး၊ အမြန်ဆုံးပေးနိုင်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း ဆုံးဖြတ်ပြီးပြီ” ဟုဆိုသည်။

ဆက်ပြီးသူက “ကျွန်တော်တို့ မတူပီကို ခရိုင်ပေးခဲ့တုန်းကလည်း ကျွန်တော်ကိုယ်တိုင် ကြိုးစားခဲ့တယ်၊ ပြည်နယ်အစိုးရအဖွဲ့၊ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ၃ လလောက်ကို ဆွေးနွေးခဲ့ကြတယ်၊ နောက်ဆုံးတော့ အများစုထောက်ခံမူကနေ အခုလိုခရိုင်ရရှိခြင်း ဖြစ်တယ်” ဟု ဆိုသည်။

ချင်းပြည်နယ်တွင်  မတူပီခရိုင်၊ မင်းတပ်ခရိုင်၊ ဖလမ်းခရိုင်နှင့် ဟားခါးခရိုင် တို့ဖြင့် ဖွဲ့စည်းပြီး မြို့နယ် ၉ မြို့နယ်ရှိသည်။