Input your search keywords and press Enter.

ကိုဗစ်(၁၉) ပိုးတွေ့ လူနာသစ် (၂) ဦး၏ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိဟုဆို

Salai Khup Khup

ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် Covid-19 ရောဂါပိုးတွေ့လူနာသစ် သားအမိ (၂) ဦး၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ကပြောသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က “သူတို့ ကျန်းမာရေးအခြေအနေက လက်တလော တွေ့ရှိချက်အရ ပုံမှန်ပါပဲ၊ စိုးရိမ်စရာလည်း မရှိဘူး၊ သူ့ကလေးလည်း စိုးရိမ်စရာမရှိ ပုံမှန်ပါပဲ၊ စိုးရိမ်စရာရှိရင်လည်း တီးတိန်မြို့မှာ မထားဘူး”ဟုဆိုသည်။

လက်ရှိတီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်(၁၉) ပိုးတွေ့လူနာသစ် သားအမိမှာ အိန္ဒိယနိုင်ငံမှ ဇွန်လ ၂၉ ရက်နေ့က ပြန်လာပြီး တွန်းဇံမြို့နယ်၊ ဟိုုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်ခဲ့သူများဖြစ်သည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာ သားအမိမှာ ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်ခဲ့ပြီး ဇူလိုင်လ (၉)ရက်နေ့တွင် သားဖြစ်သူ အသက် ၆နှစ်အရွယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် ဇူလိုင်လ (၁၉) ရက်နေ့တွင် မိခင်ဖြစ်သူ အသက်၅၄ နှစ်အရွယ်တွင် ကိုဗစ်-၁၉ ပိုးကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

ချင်းပြည်နယ်တွင် Covid -19 ပိုးတွေ့လူနာ စုစုပေါင်း ၁၂ ဦးအထိရှိခဲ့ပြီး ၁၀ ဦးမှာ ရောဂါပိုး ပျောက်ကင်းကျန်းမာပြီး ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း သိရသည်။