Input your search keywords and press Enter.

ပလက်ဝနယ်တွင်းခရီးသွားများ

 

 

Ai Tun Min

 

“ ဒိုင်း …”

သေနတ်သံတစ်ချက်ထွက်လာတယ်။

လှေပေါ်ပါလာတဲ့ ကျွန်တော်တို့အုပ်စု လှေဝမ်းသေးသေးလေးထဲ ရသလောက် ခေါင်းငုံလိုက်ကြ တယ်။ စက်လှေမောင်းသူကလည်း ချက်ချင်းဆိုသလို စက်ရှိန်ကိုလျှော့အသံလာရာဆီကြည့်တယ်။

စက်လှေထဲကတစ်ယောက်က  “ကမ်းဘက်ကပ် … အနောက်ဘက်ကမ်းကပ်”

စက်မောင်းသူကိုမတိုးမကျယ်လှမ်းအော်တယ်။ လှေပေါ်မှာ ဘယ်သူ့မှအသံမထွက်ရဲ။

၂၀၂၀ မေ ၂၂ ရက်၊ မနက် ၇နာရီ၄၅မိနစ်ခန့်က၊ ကျွန်တော့်ဇာတိ ရှင်းလက်ဝရွာကို အပြန် ပလက်ဝ အထွက်နားမှာ ရုတ်တရက်သေနတ်အပစ်ခံရတာပါ။

“ ဒိုင်း … ဒိုင်း …”

သေနတ်သံက ထပ်ဆင့်ထွက်ထာတယ်။ ကမ်းစပ်နဲ့ (၆)ပေလောက်အကွာက ဖြည်းဖြည်းချင်းမောင်း သွားနေရင်းက ကမ်းစပ်နားကျည်ထိသံ ‘ဝီ . . . ခက် . . .ခက်’ ကြားနေရတော့ ထိများထိရင်ဆိုတဲ့ ကြောက်စိတ်နဲ့ ဘယ်သူမှ မလှုပ်ရဲ။

“ဒိုင်း . . . ဒိုင်း . . . ဒိုင်း …”

နောက်ထပ်သေနတ်သံတွေ။ ဒီနေ့အဖို့အသက်ရှင်စရာအကြောင်းမရှိတော့ဟုပင်တွေးမိတော့တယ်။ သေနတ်သံလာရာ အရှေ့ဘက်ကမ်း သရက်တောထဲ ကြောက်စိတ်နဲ့တစောင်းကြည့်လိုက်တယ်။ သရက် တောက သူနဲ့ဘာမှမဆိုင်သလိုမိုးဖွဲ့ဖွဲ့ မြူတွေအောက်မှာ ငြိမ်ချက်ကောင်းနေတယ်။

စက်မောင်းက ကတုန်ကယင်နဲ့ ဆက်မောင်းနေတုန်း။ စက်လှေနောက်ဆီက ထွက်လာတဲ့ စက်သံက သေမင်းဖိတ်ခေါ်သံလိုလို။ နောက်ထပ် ထွက်လာမယ့် သေနတ်သံကိုနားစွင့်နေရင်း ကိုယ်နဲ့စိတ် မကပ်တော့။ လေပေါ်ပျံဝဲနေသလိုလို အိပ်မက်တစ်ခုမက်နေသလိုလို ခံစားနေရတယ်။ ဘယ်သူတွေက ပစ်နေမှန်းလည်းမသိ။  ထိပြီး သေရင်လည်း တရားခံပေါ်မယ့်နေရာဒေသမျိုးမဟုတ်။ ပိုင်ရှင်မဲ့လုပ်ပစ်လိုက်မယ့် မိမိအဖြစ်ကိုတွေးမိပြီး ကြောက်စိတ်က ထိန်းမရတော့။

 

၂၀၁၅ခုနှစ်နှောင်းပိုင်း ပလက်ဝဒေသကိုစတင်အခြေပြု ဝင်‌ရောက်လာတဲ့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်တရားဝင်ကြေငြာတဲ့ ဧပြီလဆန်းပိုင်းလောက်ကတည်းက ပလက်ဝမြို့နယ်ထဲ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လာခဲ့တယ်။ ကုလားတန်မြစ်အထက်ပိုင်း တက်လာသမျှ စက်လှေတွေကို အမည်မသိအဖွဲ့အစည်းက ပစ်ခက်နေခြင်းများရှိတာကြောင့် အသွား အလာ မရှိသလောက်ဖြစ်ခဲ့တယ်။

 

ပလက်ဝမြို့ပေါ်မှာလည်း ၂၀၁၉ခုနှစ် နိုဝင်ဘာ (၁၀)ရက်ဝန်းကျင်ကတည်းက ပုဒ်မ-၁၄၄(ညမထွက်ရ အမိန့်) ထုတ်ထားတာမို့ မြို့ပေါ်ညဘက်အဝင်အထွက်လုပ်လို့မရ။ ဒီကြားထဲ ကျန်းမာရေး အတွက်သော်၄င်း အခြားမိသားစုအရေးသော်၄င်း တိတ်တဆိတ်နဲ့ ညဘက်အရေးပေါ် လှေလှော် လာခဲ့သူတွေလည်း မနည်းမနော။ ပလက်ဝမြို့အနီးတွေမှာ ရွာမီးရှိုးခံရတဲ့သတင်း၊ သေနတ်ဒဏ်ရာ ရတဲ့ သတင်း၊ လက်နက်ကြီးထိ သေဆုံးတဲ့သတင်း၊ လူသေအလောင်းတွေ့တဲ့အရပ်သတင်း တွေကြောင့် ဒေသခံတွေ  မနက်စျေးဝယ် ထွက်ပြီးအိမ်ပြင် မထွက်ကြတော့။

တစ်နေ့တစ်မျိုး မရိုးရအောင်ကြားနေရတဲ့အရပ်သတင်းတွေကြောင့် မြို့ဧရိယာအပြင်ဘက်ထွက်ဖို့ မည်သူမှမရဲတော့။ နေ့ဘက်များတွင်ပင် ပလက်ဝမြို့က လူသူအသွားအလာမရှိတာကြောင့် ခြောက်ကပ်လျှက်။ နေ့ညမနက် အချိန်မရွေးကြားနေရတဲ့ ဘယ်က ဘယ်ကို ပစ်မှန်းမသိတဲ့အမြှောက် က်ပစ်သံတွေ။ ဘယ်ကလာမှန်းမသိတဲ့ သေနတ်သံနဲ့အတူ အသက်လုပြေးလာရခဲ့ကြောင်း အပစ်ခံသူ ခရီးသွားတွေရဲ့ အရပ်တွင်း အပြောကြောင့်လည်းပါမည်။

 

“ မပစ်တော့ဘူး … အကိုတို့အဆင်ပြေပြီ … အဲဒီ အကွေ့မှာပဲပစ်တာ …”

လှေမောင်းရဲ့ အသံ။ သူက‌မပစ်တော့ဘူးပြောနေပေမဲ့ သေနတ်ပစ်ခံရတဲ့ ခံစားချက်ကြောက်စိတ်က မသေသေး။ ပလက်ဝမြို့အကျော်လေး ရုပ်ဝအကွေ့မရောက်ခင် အထက်မီးလက်ဝ(အရှ့ဘက်ကမ်း) ကနေ ပစ်တယ်လို့တော့ ခန့်မှန်းရပေမဲ့ အတိအကျကြီးသေချာနေတာမျိုးလည်းမဟုတ်။ ရုပ်ဝဘက်ကို နီးသွားပြီဆိုရင် မပစ်တော့ဘူးပြောကြတယ်။ ဘာပြောပြော ရုပ်ဝ မကျော်ခင်အထိတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိသေးတာမဟုတ်။ ထပ်များပစ်လာအုံးမလားဆိုတဲ့အတွေးက အသက်တောင် ဝအောင်မရှုရဲ။

 

“ကျနော်သွားနေကျ…ဒီရောက်သွားရင်မပစ်တော့ဘူး၊ ဒီနေ့အထိခွင့်ပြုတယ်ပြောပြီးဘာလို့ပစ်လဲသိ မသိဘူး”

လှေမောင်းက သူနားမလည်တဲ့ အခြေအနေ(အပစ်ခံရခြင်း) ကို ပြောနေတယ်။ သူပြောတာလည်း ဟုတ်သား။ တစ်လကျော်နီးပါးအသွားအလာရပ်ထာတဲ့ ကုလားတန်မြစ်အထက်ပိုင်းခရီးကို လွန်ခဲ့တဲ့ တစ်ပတ်ခန့်က (၅)ရက်တာဖွင့်ပေးမယ်ဆိုတဲ့ ကောလဟာလအရပ်သတင်းကြောင့် သွားလာသူတွေ ရှိခဲ့ကြတယ်။ ဒီနေ့က(၅)ရက်မြောက် နောက်ဆုံးရက်။မနေ့ကအထိ တစ်နေကုန်သွားလာနေသူတွေ ဘယ်သူ့မှ အပစ်ခံရတယ် မကြားရ။ တစ်လနီးပါး အသွားအလာစက်လှေတွေကို ပစ်ခက်နေတယ်ကြားနေရပေမဲ့ မည်သူ့ကိုမှထိခိုက်သည်ဟု မကြားမိ သေးတာအမှန်။

 

ယခုနှစ်၂၀၂၀အစောပိုင်း။ ဗွီဝုန်းဗျူဟာကုန်းတိုက်ပွဲဖြစ်စဥ်ကတည်းက ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် AA တို့နှစ်ဘက်ထိတွေ့မှုတွေပြင်းထန်လာခဲ့တယ်လို့ပြောရမယ်။ ဖြတ်တောက် ထားတဲ့ အင်တာနက်လိုင်းကြောင့်လည်း သတင်းတိတိကျကျဘာတစ်ခုမှ မသိရတဲ့အပြင် ဖုန်းလိုင်း ဖြတ်တောက်မှုတွေပါ ဖြစ်နေတော့ သတင်းဆိုရင် အရပ်သတင်းပဲ ရှိတော့တာ။ နယ်မြေအနေ အထား အရ ပလက်ဝမြို့နယ်ဟာ တောင်ကုန်းတောင်တန်း ချောင်းသွယ်လေးတွေ ပေါများတာကြောင့် စစ်ရေးအရ သင့်တော်တဲ့နယ်မြေဖြစ်တယ်ဆိုတာ ပြောသံကြားဖူးပါရဲ့။

 

“ အပစ်ခံနေရတာတောင် စက်လှေတွေက သွားနေကြတယ်နော်”

စက်လှေထဲက အကိုတစ်ယောက်က ပလက်ဝကိုဆင်းလာတဲ့ စက်လှေတွေကိုကြည့်ပြီးပြောတယ်။  စက်လှေတစ်စီးပြီးတစ်စီး တွေ့လာတာရယ်၊ ရုပ်ဝရွာကျော်လာတာရယ်ကြောင့် စိတ်ကနည်းနည်း သက်သာလာတယ်။ ပလက်ဝမြို့အနီး နှစ်ဘက်တပ်တွေရဲ့ တိုက်ခိုက်သံတွေကို (၂)လနီးပါး နေ့စဥ်ရက်ဆက်ကြားနေရတော့ သေနတ်သံ၊ အမြောက်သံတွေကိုမကြားချင်တော့ပါဘူး။

ခုခရီးကလည်း တစ်ညလုံးနီးပါးကြားနေရတဲ့ တိုက်ပွဲတွေကြောင့် ညညကောင်းကောင်း မအိပ်ရသလို နေ့ဘက်မှာလည်း ကောင်းကောင်းမွန်မွန်နေရတဲ့ရက် မရှိသလောက်ရှားတဲ့ ပလက်ဝမြို့ကနေ ထွက်ခွာလာတဲ့ခရီးပါ။

 

“ ဟိုနားမှာ စက်လှေတွေ ကပ်ကပ်သွားတယ်ဟ ဘာလုပ်ကြတယ်မသိဘူး”

“ အဲတာ စစ်ဆေးနေတာထင်တယ်အကို”

ကျွန်တော့အမေးကို နောက်ကတစ်ယောက်က ဖြေပေးတယ်။

အရှေ့ဘက်ကမ်း စစ်ဆေးရေးကပြန်လာတဲ့ စက်လှေတွေက ဟိုမှာသွားသတင်းပို့ဖို့ လက်ဟန် ခြေဟန်နဲ့ပြတယ်။ ခုပဲအပစ်ခံနေရပါတယ်ဆိုခါမှ ဒီမှာလာစစ်ဆေးနေတာတော့မဟုတ်သေးဘူး ဆိုပြီးစိတ်က အလိုလိုတင်းနေတယ်။ စစ်ဆေးနေတဲ့ ကမ်းစပ်နေရာရောက်ခါနီးတော့ သေချာမြင် ရတယ်၊ စစ်ဝတ်စုံနဲ့ တပ်သား (၃) ယောက်က လာသမျှစက်လှေ တွေကိုလိုက်တားပြီး စစ်ဆေးနေတာကို။ ကမ်းစပ်မှာစောရောက်နေတဲ့ စက်လှေတစ်စီးကို တပ်သားတစ်ယောက်က သူမေးချင်တာတွေမေးနေတုန်း ကျွန်တော်တို့လှေ ကမ်းကပ်လာတော့ ဘယ်သွားမှာလဲဆိုပြီး “ရခိုင်”လိုထမေးမှ လက်မောင်းတံဆိပ်ကြည့်မိတယ်။ ကျွန်တော်ထိတ်ကနဲ့ဖြစ်သွားတယ်။ အေအေ တွေကိုး …။

 

သေနတ်လွယ်ထားတဲ့တပ်သားက ကျွန်တော်တို့လှေဆီလာပြီး ရခိုင်လိုတစ်ခုပြီးတစ်ခုမေးတယ်။ လှေဦးကအကိုတစ်ယောက်က သူတို့ကျေနပ်လောက်အောင် တစ်ခုမကျန်ပြန်ဖြေပေးနေတယ်။ ပစ္စည်းတွေလည်းနည်းနည်းပါတာရယ်ကြောင့် စစ်ဆေးတာနည်းနည်းကြာနေတယ်။ ကျနော်တို့ကို စစ်မေးနေတဲ့အချိန်မှာပဲ အခြားစက်လှေလေးတွေ (၁၀)စီးမက စစ်ဆေးပြီးလို့ဖြတ်သွားနေပြီ။

“အေစော် ဇာအထုပ်လဲဝေး ”

“ဆလိပ် ထုပ်ပါ”

“အဂေါင့်လား ”

“ဟုတ်ပါရေ ”

“အသူ့မှာစော်လဲ ”

“ပလက်ဝက ဆရာမတစ်ယောက်က ရွာကိုထည့်ပီးလိုက်စော်ပါ”

“ယင်း ဆရာမ ဇာကလဲ၊ နာမီပြော၊ ဖုန်းနံပတ်ပီး၊ ဗမာပျိုက်စီး ဟုတ်မဟုတ်မိန်းရဖို့ ”

“မဟုတ်ပါ၊ ယင်းဆရာမလည်းရခိုင်ပါရာ ”

ယာဥ်မောင်းနဲ့လှေဦးကအကိုတို့နှစ်ယောက်က “ရခိုင်”လိုသေချာရှင်းပြပေမဲ့မရဘူး။ သူတို့အထက် လူကြီးကိုသတင်းပို့တယ်၊ ပိုင်ရှင်ဆရာမဆီဖုန်းဆက်မေးတယ်။ ဖုန်းလိုင်းကြောင့် စကားက သေချာ မကြားရတော့ ဘာတွေပြောပြီး ဘယ်လိုနားလည်မှုလွဲကုန်သည်မသိ အော်ဟစ်ပြော သံကြားလိုက် တယ်။ အထက်လူကြီးကိုသတင်းပို့နေမှန်းသိပေမဲ့ စကားသံတော့မကြားရ။

“ မင်းရို့သိရဖို့စော်က ဗမာပျိုက်စီးတိ ယူလာရေဆိုကေ အသီဗျာ ကြားလား ’’

အေအေရဲဘော်တစ်ယောက်ကစက်လှေပေါ်တက်လာရင်းတစ်ယောက်ကပြောတယ်။ ပါလာတဲ့ ပစ္စည်းတွေကို တစ်ခုချင်းစစ်တယ်။ ပစ္စည်းအထုပ်အတော်များများက (ကိုယ်ပိုင်အဝတ်ထုပ်မှအပ) စက်သုံးဆီတွေဖြစ်နေတော့ စစ်စရာက ဆေးလိပ်ထုပ်ဆီပြန်ရောက်သွာတယ်။

ဘာဖြစ်ဖြစ်မထူးပါဘူးဆိုပြီးကျွန်တော်ကပဲ…

“ဖွင့်ပီးရဘာဖို့လား ”

မကျေနပ်တဲ့အကြည့်နဲ့ကျနော့်ကိုကြည့်တယ်။ ဆေးလိပ်ထုပ်ကိုကိုင်တယ်၊ ဖိကြည့်တယ်။ ကမ်းပေါ် ပြန်တက်သွားတယ်။ လှေမောင်းသူဘက်ကြည့်ပြီး

“မင်းရို့လဲ သတိထားကတ် ကြားလား၊ ဗမာပျိုက်စီးတိဆိုကေ လုံးဝမယူပီးကဲ့၊ အေး ယူလာရေဆို စော်ကောင်အသီဗျာ၊ အားလုံးကိုလည်းပြောလိုက် ကြားလား၊ တွိကေလလဲပြော …”

တစ်စီးပြီးတစ်စီးကမ်းကပ်လာတဲ့ လှေတွေကိုကျန်တစ်ယောက်ကလိုက်စစ်ဆေးတယ်။

“ရခိုင်လား၊ ဇာလားဖို့စော်လဲ” စမေးတယ်။

“ဟုတ်ပါရေ၊ ရခိုင်ပါရာ၊ … လာဖို့စော်ပါရာ၊ အရာတနားဆိုကေ ပြန်လာပါဖို့ ”

“ဇာဇာတိပါလဲ ”

“မပါပါ ဆရာ”

“သာလီစွပါ…”ပြောတော့ စက်လှေပေါ်ကလူက “သာလီစွပါ…”ပြန်ဖြေတယ်။

အဲမှာစတာပဲ။ “ဟုတ်ပါရေ၊ ရခိုင်ပါ”လို့ ဖြေတဲ့လူတွေက “ချင်း/ခူမီး”တွေချည်းဖြစ်နေတာ။ ပိုထူး တာက မေးတဲ့လူကလည်းမသိလို့မဟုတ်၊ သိတယ်။ ရခိုင်စကားကို ခူမီး(ချင်း)လေသံနဲ့ပြောလိုက် တာမှ အသိတာကြီးကိုဗျ။

 

စစ်မေးနေတဲ့ သူရဲ့လေသံအရဆို နှစ်ယောက်က ပုဏ္ဏကျွန်းမြို့နယ်ကလေသံမျိုး။ ကျန်တစ်ယောက် က မင်းပြား၊ မြေပုံလေသံဗျ ။ ရခိုင်စကား မှာတောင် ရခိုင်အချင်းချင်းဒီလောက်လေသံကွဲထွက်နေတာ ခူမီး(ချင်း)က ရခိုင်စကားပြောတာဆိုရင် ပြောနေစရာတောင်မလိုဘူးအသိသာကြီး။

လှေဦးက အကိုကပဲ

“အကိုချေရို့သောက်ဖို့ လေးငါးထုပ်ယူကေလဲယူထားလိုက်လေ၊ ဆရာမကို ကျွန်တော်တို့ရှင်းပြ လိုက်ပါမယ်”

“မင်းဇာစကားပြောလဲဝေး ၊ -ီး ပိုင်မပြောဂဲ့၊ မရှိလို့တောင်းစား၊ ဓါးပြတိုက်နိန်ရေထင်နိန်စော်လား ဟိုင်၊ အမိန့်ကို -ိုးရှေ”

“ရခိုင်ပြည်လွတ်မြောက်ရီးအတွက်နန့် နိမ်ချဲ့ဗမာကောင်တိကို တိုက်ထုတ်နိမ်စော်ဝေး၊ ဇာလဲ ငါရို့ကို တောတိရိစ္ဆာန်ပိုင် စားဇရာမဟိလို့ တောထဲနိန်နီစော်ထင်နီလား ဟိုင်…”

“အမျိုးသားတန်းတူရီးနန့် ရခိုင်လူမျိုးတိအသက်အိုးအိမ်စည်းစိမ်တိကို ကာကွယ်ဖို့လုပ်နိမ်စော် ”

တစ်ယောက်တစ်မျိုးမနားတမ်းပြောနေတော့တယ်။ ခက်တော ခက်ချေပြီ။ ပုံမှန်ထက် တက်ကြွနေတဲ့ တစ်ယောက်က သူတို့ရဲ့အမျိုးသားရေးခံယူချက်တွေ လိုတာထက်ပိုပြောနေ တော့တယ်။

“ကိုယ့်ရခိုင်အချင်းချင်းဖြစ်လို့ရာနော့၊ အခြားဆိုကေ မင်းမှာဂေါင်းမဟိဗျာ၊ နိမ်ချဲ့ဗမာကောင်၊ လူယုတ်မာတိစော် ရိက္ခာတိပါလာရေဆိုလို့ အထက်ကစိုက်ဆီးခိုင်းလို့ရာ စိုက်ဆီးနိမ်စော် ကြားလား၊ ယင်းဗမာကောင်တိကို ယင်းပိုင်ရိက္ခာဖြတ်ခါမှ ငါရို့ရခိုင်ပြည်က အပြီးပိုင်မောင်းထုတ်နိုင်ဖို့၊ စကား ပြောစော် သတိထားကတ် ကြားလား၊ မင်း ရခိုင်အစိုက်ရာနော့”

“ ဟုတ်ပါရေ၊ ရခိုင်အစိုက်ပါရာ”

“မင်းရို့တိက ငါရို့ကိုန‌နေးပါပါးရှေ ကူညီရေဆိုစော်နန့် ကူညီလိုက်တေဆိုပနာ ပြောလို့မပြီး၊ မင်းရို့ ပိုင်ကောင်တိလယ်၊ အခွင့်အရီးကတောင်းချင်နိမ်ဗျာ၊ ငါရို့တိက အသက်ပီးပြီးကေ ရခိုင်ပြည်လွတ် မြောက်‌ရီးအတွက် အမျိုးယုတ်ဗမာတိကို ရခိုင်ပြည်ကမောင်းထုတ်နိန်စော်၊ မင်းရို့တိကို ပြောပြ နိန်လဲ ဇာတစ်ခုလဲနားလည်ဖို့မဟုတ်၊ ရခိုင်ဆိုကေ ရက္ခိတစိတ်ဓါတ်ရှိဖို့၊ ရက္ခိလမ်းစိုင်သိဖို့လိုရေ”

အကိုတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့် နာရီဝက်ခန့်ကြာသည့်အထိ စကားပြောမှားသွားကြောင်း၊ အဲဒီလိုသဘောဖြင့် ပြောတာမဟုတ်ကြောင်း၊ အချင်းချင်းမို့ ကူညီချင်သည့်သဘောဖြင့်သာ ပြောဆို ခြင်းသာဖြစ်ကြောင်း၊ အကိုတို့ရဲ့ အနစ်နာခံပေးဆပ်မှုကိုနားလည်ကြောင်း အနူးအညွတ်နဲ့ တောင်းပန် နေရတယ်။နည်းနည်းစိတ်သဘောထားပျော့ဟန်ရှိတဲ့တစ်ယောက်က မတိုးမကျယ်နဲ့

“မင်းရို့တိလဲ ယင်းပိုင်မပြောကဲ့လယ်၊ စေတနာရှိလို့ပီးချင်ရေဆိုစော်သိရေ၊ ယင်းဂေလဲ့ ငါရို့စော် ကိုယ့်ဖေ့သာနဲ့ကိုယ် ဝယ်ဖို့စော်ရာ၊ တန်ရာတန်ကြေးပီးပနာဝယ်ဖို့စော်ရာ၊ ရက္ခိုင့်တပ်တော်ဆိုစော် ယင်းပိုင်တောင်းစားနိန်ဖို့အဆင့်မဟုတ်၊ ငါရို့အတွက်နန့် ရခိုင်ပြည်သူတိ ဒုက္ခမရောက်ဇီရ၊ ငါရို့က ရက္ခိတလမ်းစိုင်အတိုင်း ရခိုင်ပြည်ကနီ နိန်ချဲ့ဗမာကောင်တိကိုရာ တိုက်ထုတ်နိန်စော်၊ ဗမာအားပီး ဆိုကေ ငါရို့ လက်မခံ၊ မတရားလည်းမလုပ်၊ မင်းရို့နားလည်ဖို့လိုရေကြားလား”

“ ဟုတ်ပါရေ၊ နားလည်ပါရေ”

ခပ်ချေချေဖက်ကြမ်းဆေးလိပ်သောက်နေတဲ့တစ်ယောက်ကပဲ

“ နားလည်ရေဆိုကေ… မင်းရို့လားဖီး… ရခိုင်အချင်းချင်းဖြစ်လို့ရာနော့၊ လရိုင်းကောင်တိ…”

အဲဒီအချိန်မှာပဲ အခြားစက်လှေ တစ်စီးကမ်းကပ်လာတယ်။

“ဗမာပါလား”

“မပါဘာ”

“ဇာဇာတိပါလဲ”

“မပါဘာ ဆရာ”

“ရခိုင်တိလား၊ ဇာလားကတ်ဖို့စော်လဲ”

“ဟုတ်ပါရေ . . . ရခိုင်တိပါရာ၊ တောင်ယာလားဘာဖို့. . ဆရာ”

“ပြန်လာကေလည်းသတင်းပို့. . . ကြားလား..လားလီကတ်”

 

ဆက်ရအုံးမယ် ခရီးရှည်ကိုတွေးပြီး ပလက်ဝနယ်၏ဝါးတားတားအနာဂတ်စစ်ဘေးအလွန်ကို မြင်ယောင်မိတော့တယ်။

ထွန်းမင်း(ဉပဒေ)