Input your search keywords and press Enter.

“ချင်းပြည်နယ်လွှတ်တော် တရားဝင်လူမှုကွန်ယက်စာမျက်နှာပေါ်ကအလွဲများ”

 

 

Salai Tial Hram Ling

 

လူမှုကွန်ယက်ဟာ ယနေ့နည်းပညာခေတ်ကြီးမှာ ကမ္ဘာ့အကြီးမားဆုံးလွှမ်းမိုးမှုကို ရရှိပြီဖြစ်ပါတယ်။သတင်းအချက်အလက်တစ်စုံတစ်ခုရရှိလိုပါက အင်တာနက်ဟာမရှိမဖြစ်တဲ့အရာဖြစ်လာပါတော့တယ်။ဒီလိုခေတ်ကြီးမှာစူပါမားကစ်ကြီးတွေကအစ အိမ်ဘေးကကုန်စုံဆိုင်အဆုံး ဆိုရှယ်မီဒီယာပေါ်ရောက်ရှိလာကြပါပြီ။ လူသားတို့ရဲ့အခြေခံလိုအပ်ချက်တွေကိုပင် လူမှုကွန်ယက်ပေါ်မှာစက္ကန့်ပိုင်းအတွင်း ရှာဖွယ်နိုင်ပါပြီ။ ခေတ်ရေစီးကြောင်းအရ ဒီအရာတွေဟာ ငြင်းပယ်လို့မရတဲ့အရာတွေဆိုရင်လည်းမမှားပါဘူး။ လိုရင်းနဲ့ပြောရလျှင် ဒီလူမှုကွန်ယက်ကြီးကိုပင် အခြေခံလိုအပ်ချက်အဖြစ်စပြောင်းလဲလာပါပြီ။

တို့တိုင်းပြည်မှာ ထိုကဲ့သို့လူမှုကွန်ယက် ခေတ်စားလာမှုနှင့်အသုံးဝင်ပုံတွေဟာ နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့အတူ ဆိုရှယ်မီဒီယာနားလည်သိကျွမ်းခြင်းဖွံ့ဖြိုးမှုနောက်ကျကျန်ခြင်းကိုတော့လူတိုင်းအသိပါ။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ဆယ်စုနှစ်အတွင်းမှာတော့ လူမှုကွန်ယက်အသုံးပြုလာမှုနှင့်အတူအသင့်အတင့်အနေအထားသို့ရောက်ရှိလာပါပြီ။ အထူးသဖြင့်ဖွံ့ဖြိုးမှုအနှေးကွေးဆုံးနှင့်ပြည်တွင်းစစ်နဲ့လုံးပန်းနေတဲ့ အမိချင်းပြည်နယ်အနေအထားမှာ ချင်းပြည်သူတွေရဲ့လူမှုကွန်ယက်အသုံးပြုပုံဟာ မြေပြန့်ကပြည်သူတွေအသုံးပြုပုံနှင့်နှိုင်းကြည့်ရင်စိတ်မကောင်းစရာတွေပဲတွေ့ရပါတယ်။ ဒီကြားထဲမှာ ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးတို့ရဲ့ လူမှုကွန်ယက်အသုံးပြုမှုကိုအားမလိုအားမရဖြစ်မိပါတယ်။

တို့တိုင်းပြည်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကို မိမိလေ့လာကြည့်သလောက်ထဲက ချင်းပြည်နယ်အစိုးရရုံးနှင့်လွှတ်တော်ရုံးတို့ရဲ့လူမှုကွန်ယက်အသုံးပြုပုံတို့ဟာ အားမရဆုံး၊ စည်းစနစ်မရှိဆုံး၊ အလွဲအမှားအများဆုံးနှင့် ခေတ်အနောက်ကျဆုံးဟု မြင်မိပါတယ်။ မှန်လည်းမှန်ပါလိမ့်မယ်။
ချင်းပြည်နယ်လွှတ်တော်ရုံးရဲ့ တရားဝင် Facebook Page ဟာ လွန်ခဲ့တဲ့၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ရက်နေ့မှစပြီးဖွင့်ထားပါတယ်။တရားဝင် Facebook Page ဖွင့်ပြီး တစ်နှစ်ကြာမှပဲ လွှတ်တော်ရဲ့သတင်းတွေစဖြန့်တာပါ။ (၃)နှစ်တာအတွင်း လွှတ်တော်ရဲ့တရားဝင် Facebook Page မှတင်သမျှဓာတ်ပုံနဲ့စာ အရေအတွက်အားလုံးပေါင်း (၃၀) ခန့်မျှသာရှိပါတယ် (Profile ဓာတ်ပုံနှင့် Cover ဓာတ်ပုံတို့အပါအဝင်)။ ၎င်းတင်သမျှဓာတ်ပုံနဲ့စာ အရေအတွက်အားလုံးထဲမှာ လွှတ်တော်နှင့်မဆိုင်တဲ့ ဗီဒီယိုဖိုင်တို့ထပ်ဆင့်ဖြန့်ဝေထားတာ (၉)ခုပါဝင်ပါတယ်။ ဒီထဲမှာအားမရဆုံးက Camtech တို့ Aug Thu Ra Youtube ချာနယ်တို့၊ သတင်းမီဒီယာတို့ရဲ့ဖိုင်တွေဖြန့်ဝေထားတာရယ်၊ ချင်းပြည်နယ်လွှတ်တော်ရဲ့website address ကလည်း 7Day Daily News ရဲ့ Website ဖြစ်နေတာရယ်နဲ့အလွဲတွေထပ်ထပ်တွေ့ရပါတယ်။ ဒါကတော့သက်သက်မဲ့ စည်းကမ်းမရှိတာပါ။ မှားယွင်းတဲ့ Website တွေဖော်ပြထားတာ၊ပေါ့တန်လွန်းတဲ့ လူမှုကွန်ယက် စီမံခန့်ခွဲမှုကိုပြသနေပါတယ်။ ရှက်စရာလညး်ဖြစ်ပါတယ်။ ဒါတွေအားလုံးပြန်ပြီးပယ်ဖျက်သင့်ပါတယ်။

တိုင်းပြည်မှာအခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့လွှတ်တော်လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်လုပ်ငန်းခွင်စီမံခန့ခွဲမှုကတော့ ပြည်သူတွေရဲ့စိတ်ဝင်စားမှုရှိနေတာတွေ့နိုင်ပါတယ်။ ချင်းပြည်နယ်လွှတ်တော်ကတော့ (၃)နှစ်တာအတွင်းမှာ ပြည်သူတွေအကျိုးပြုတဲ့အချက်အလက်ထုတ်ပြန်မှု နည်းလွန်းတာကြောင့် Page Follower တောင် (၁၀၀၀) ဝန်းကျင်လောက်ပဲရှိတာပါ။ ဒါတင်မကသေးပါဘူး။ချင်းပြည်နယ်လွှတ်တော်ဟာ လွန်ခဲ့တဲ့နှစ်တွေက လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဖေ့ဘွတ်အကောင့်အဖြစ်ဖွင့်ခဲ့ပြီး လွှတ်တော်အစည်းအဝေးကိုဖုန်းနဲ့တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒါကိုပြည်သူတွေ ဝေဖန်မှုတက်လာတာနဲ့ ယခုတရားဝင်စာမျက်နာကိုနှေးကွေးစွာ ပြန်လည်အသက်ဝင်စေခဲ့တာပါ။

တကယ်ဆိုရင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွေရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွေမှာပုံမှန်လွှတ်တော်အစည်းအဝေးကို ဖေ့ဘွတ်ပေါ်ကနေ အရည်အသွေးကောင်းမွန်တဲ့ဗီဒီယိုနဲ့အတူ ပြည်သူတွေကဖေ့ဘွတ်ပေါ်ကနေ တိုက်ရိုက်ကြည့်ရှုခွင့်ရကြပါတယ်။ချင်းပြည်နယ်လွှတ်တော်ကတော့ပြီးခဲ့တဲ့လ ဇွန် (၁၈)ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) မှပဲချင်းပြည်သူတွေက အခြားပြည်နယ်တွေလိုလွှတ်တော်အစည်းအဝေးကိုမြင်လာတာပါ။ ဒီလိုဖြစ်လာဖို့အတွက် ချင်းပြည်နယ်လွှတ်တော်က အချိန်ကြာကြာဝေဖန်မှုခံခဲ့တာပါ။ ဒီအချိန်မှာတော့ အတိုင်ပင်ခံကိုယ်တိုင် ဖေ့ဘွတ်ပေါ်တက်လာတာကြောင့်ရယ်၊ ရွေးကောက်ပွဲနီးလာတာကြောင့်ရယ်၊ ဝေဖန်မှုတွေမငြင်းသာလို့ကြောင့်ရယ် ဖေ့ဘွတ်ကုမ္ဗဏီရဲ့အသိမှတ်ပြု အပြာရောင်မှတ်ချက်နဲ့အတူ ချင်းပြည်နယ် လွှတ်တော်ရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နာကို ချင်းပြည်သူတွေစတွေ့လာပါပြီ။

ချင်းပြည်နယ် လွှတ်တော်ရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နာကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက စီမံခန့်ခွဲပါသလဲ။ Facebook ရဲ့အသိအမှတ်ပြု အပြာရောင်မှတ်ချက်ရရှိဖို့အတွက် ကျွမ်းကြင်တဲ့ဒီဂျစ်တယ်ကျွမ်းကျင်တစ်ဦးတော့လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့အများကြီးလွဲနေပါတယ်။ ဒီအလွဲတွေများနေမှုက လွှတ်တော်ဥက္ကဌကိုယ်တိုင်ရဲ့ပေါ့ဆမှုလည်းပါတယ်။ ချင်းပြည်နယ်လွှတ်တော်နဲ့ချင်းပြည်နယ်အစိုးရ တို့ဟာလူနည်းစုဆီရောက်တဲ့ အစိုးရပိုင်သတင်းစာပိုင်ဆိုင်ထားပြီး ဂရုစိုက်စွာဖြန့်ချီရက်သားနဲ့ အများပြည်သူတွေကြည့်ရှုနိုင်တဲ့လွှတ်တော်ရဲ့တရားဝင် လူမှုကွန်ယက်စာမျက်နာကိုကျတော့ ပေါ့ပေါ့ဆဆ လုပ်နေခြင်းဟာ ခေတ်မမီရာကျသလို စီမံခန့်ခွဲမှုညံံ့တာလည်းပြသပါတယ်။

လွှတ်တော် ဆိုတာ ပြည်သူများကို အထိရောက်ဆုံး ကိုယ်စားပြုနိုင်သော အဖွဲ့အစည်း တစ်ခုလည်းဖြစ်သလို ပြည်သူများနှင့်တိုက်ရိုက်အကျဆုံး ဆက်နွယ်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ခေတ်ရဲ့ရေစီးကြောင်းအရဖြစ်စေ၊ ဒီဂျစ်တယ်ခေတ်ရဲ့ အစိုးရနှင့်ပြည်သူများအကြား နည်းစနစ်ကျကျ မှန်ကန်စွာဆက်သွယ်နိုင်ဖို့ဖြစ်စေ အလွန်အရေးကြီးတယ်ဆိုတာပြောလိုပါတယ်။

ဆလိုင်းတီာလ်ဟရမ်လိန်း

ခေတ္တဟားခါး