Input your search keywords and press Enter.

Chinland FC အသင်းဥက္ကဌ Saya TT (Thawng Tha Thang) နှင့်တွေ့ဆုံမေးမြန်းခြင်း

 

 

Chin World

မြန်မာနိုင်ငံရဲ့အမြင့်ဆုံးပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲ ၂ ခုဖြစ်တဲ့ မြန်မာနေရှင်နယ်လိဂ်၁၊လိဂ်၂ မှာ ချင်းကလပ်အသင်း၂သင်းရှိခဲ့တာကနေ ချင်းယူနိုက်တက်အသင်းဟာဒုတိယအကြိမ်ဖျက်သိမ်းသွားပြီဖြစ်လို့ ချင်းပြည်နယ်ကိုယ်စားပြုအနေနဲ့ Chinland FC အသင်းသာကျန်ပါတော့တယ်။မြန်မာနေရှင်နယ်လိဂ် (MNL 1) မှာ နှစ်ရာသီ ကစားခဲ့ပြီး လက်ရှိမှာတော့ MNL-2 မှာ ပါဝင်ကစားနေတဲ့ Chinland FC အသင်းရဲ့ ဥက္ကဌ Saya TT (Thawng Tha Thang) နဲ့Chinland FC အသင်းကိုရေရှည်တည်တံဖို့ဘယ်လိုစီမံနေသလဲဆိုတာကိုတွေ့ဆုံမေးမြန်းထားပါတယ်။

မေး- Chinland FC ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ပြောပြပေးပါဦး။

ဖြေ- Chinland FC က ၂၀၀၆ ကနေ စပါတယ်။ MFF ဥက္ကဌ ဦးဇော်ဇော်က MNL စတော့မယ့်အချိန်မှာ ချင်းကိုယ်စားပြုအနေနဲ့ ပါဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၀၉ သူတို့စတဲ့အချိန်ကို ကြည့်တဲ့အခါ သူတို့ပိုက်ဆံတအားသုံးလွန်းတယ်။ လခပေးတဲ့နှုန်းကလည်း မြန်မာနိုင်ငံစီးပွားရေးနဲ့ မကိုက်ဘူးလို့မြင်တယ်။ ရေရှည်ရပ်တည်နိုင်ဖို့ လမ်း မမြင်ဘူးလို့ မြင်ခဲ့တဲ့အတွက် တတိယတန်းကနေ အဆင့်ဆင့်တက်လာပြီး နောက်ပိုင်းမှာ ချင်းကိုယ်စားပြုပါပါ့မယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီမှာ ချင်းယူနိုက်တက်နဲ့ ကျနော်တို့ နှစ်သင်းရှိလာပြီး၊ ချင်းယူနိုက်တက်ကတော့ နောက်ပိုင်းမှာ ဆက်မပါလာတော့ဘူး။ ကျနော်တို့က GFA (Gospel for Asia) ဆိုပြီးဖြစ်ခဲ့တော့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးပြိုင်ပွဲ MNL မှာ ချင်းအမည်ကို ထင်ရှားလွယ်ကူစွာမြင်နိုင်ဖို့အတွက် ချင်းအမည်ပေးဖို့ စဉ်းစားဆုံးဖြတ်ခဲ့တယ်။ တောင်ဇလပ် FC၊ ဇလပ်မြေ FC နဲ့ Chinland FC ဆိုပြီး နာမည် သုံးမျိုးကနေ အားပေးတဲ့သူတွေက Chinland FC အမည်ကို ရွေးချယ်ကြတဲ့အတွက် အခုတော့ အဲ့ဒီနာမည်နဲ့ပဲ ဆက်လက်လှုပ်ရှားနေကြပါတယ်။ MNL မှာ နှစ်နှစ်ကန်ခဲ့တယ်။ မနှစ်က MNL-2 ကို ကျသွားတယ်။ အခုက အမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။

 

 

မေး- Chinland FC မှာ ချင်းကစားသမား ပါဝင်မှုကကော ဘယ်လောက်လောက် ရှိပါသလဲ။

ဖြေ- Chinland FC မှာ ချင်းလူမျိုးတွေပဲ ကန်ပါစေဆိုတာ ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ချင်းကစားသမားတွေနဲ့ချည်းပဲ ကစားမယ်ဆိုရင် ငွေကြေးတအားသုံးတဲ့ ကလပ်တွေနဲ့ ရင်ဘောင်တန်းတဲ့အခါမှာ ရလာဒ်တွေမကောင်းဘူးဆိုရင် ကျနော်တို့ နာမည်လည်း မလှမှာ စိုးရပါတယ်။ ဒါကြောင့် ချင်းပဲမဟုတ်ပဲ အားလုံးရောနှောပြီး တည်ဆောက်ထားပါတယ်။ ကျနော်တို့အသင်းက ချင်းကစားသမားတွေ တခြားအသင်းရောက်တာတွေ အများကြီး ရှိပါတယ်။ တခြားအသင်းမှာကန်နေတဲ့ ချင်းကစားသမားတွေလည်း ရှိတယ်။ သူတို့ကို ကျနော်တို့ဆီကို ခေါ်ရင် သူတို့လခလျှော့ယူရလိမ့်မယ်။ ကျနာ်တို့ ဖြစ်စေချင်တာက လခကောင်းရကြပါစေ။ နိုင်ငံခြားထိကန်နိုင်ပါစေ။ နိုင်ငံကိုယ်စားပြုနိုင်ပါစေဆိုတာပါ။ ဒါကြောင့် အသင်းကြီးမှာထက် U-19, U-21 မှာ ချင်းကစားသမားတွေ ပိုများပါတယ်။ ဒီလူငယ်အသင်းတွေမှာတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ ချင်းဖြစ်ရမယ်ဆိုပြီး ပေါ်လစီချထားပါတယ်။ ဒီနှစ်မှာဆိုရင် လူငယ်အသင်းမှာက ချင်းဂိုးသမား သုံးယောက်တောင် ရှိတယ်။ သူတို့အတွက် ရည်ရွယ်ပြီး ဂိုးနည်းပြ သပ်သပ်ကိုခေါ်ထားပေးတယ်။ U19 ဂိုးသမားဆိုရင် အခု ပဏာမမှာပါဖို့အတွက် မေးလာတာရှိလာပါပြီ။

လခနှုန်းထားနဲ့ ပတ်သက်ရင်တော့ MFF က အနည်းဆုံး ၂ သိန်းကနေ အများဆုံး ၁၀ သိန်းအထိ ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးကလည်း စိန်ခေါ်မှု တအားများတယ်။ နိုင်ငံရေးကလည်း ရုန်းကန်နေရတုန်းဆိုတော့ အသင်းတွေ မတည်ငြိမ်မှာကို MFF က စိုးရိမ်တဲ့အတွက် အဲ့လို သတ်မှတ်ထားပါတယ်။ အသင်းကြီးအတွက် အဲ့ဒီချမှတ်ထားတဲ့ နှုန်းထဲကနေပဲ ကျနော်တို့တတွေလည်း သတ်မှတ်ထားပါတယ်။ လူငယ်အသင်းတွေကိုတော့ အဆောင်ပေး၊ စားရိတ်ငြိမ်း ကြည့်ရှု့ပေးပြီး၊ သူတို့ရည်မှန်းချက်ဖြစ်တဲ့ အသင်းကြီးကို ရောက်နိုင်ဖို့အတွက်ကို ကြည့်ရှု့ပေးပြီး၊ လခပိုင်းကတော့ အနည်းငယ်ပါပဲ။

မေး- Chinland FC အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ- MNL မှာ ရေရှည်ရပ်တည်ဖို့ဆိုတာ တကယ်မလွယ်တာပါ။ အခုဆိုရင် Chin United, ဇေယျာရွှေမြေ၊ နေပြည်တော် နဲ့ ဇွဲကပင်အသင်းတွေ ရပ်နားသွားကြပြီ။ နှမြောဖို့ သိပ်ကောင်းပါတယ်။ ကျနော်တို့ကော မခက်ခဲ့ဘူးလားလို့မေးရင်.. ခက်ခဲတာပေါ့။ ပိုက်ဆံက အဝင်မရှိပဲ၊ အထွက်တွေချည်းပဲဖြစ်နေတယ်လေ။ ဒီအသင်း မတည်ထောင်ခင်မှာ ပိုက်ဆံဘယ်လိုမျိုး ရရှိရမလဲ။ အသုံးပြုရမလဲဆိုပြီး Capital investment လုပ်ရတယ်။ အဲ့ဒီက ရတဲ့ဟာနဲ့ MFF က ကူညီတဲ့ဟာတွေနဲ့ ရပ်တည်နေရတာပါ။

မေး- Covid 19 ကကော ဒီ Chinland FC နဲ့ MNL က အသင်းတွေကို ဘယ်လောက်အထိ ရိုက်ခတ်မိပါသလဲ။

ဖြေ- Covid 19 ကြောင့် ကလပ်အသင်းတွေတင်မကပဲ၊ MFF တောင်မှ အခက်အခဲတွေအများကြီး ကြုံရပါတယ်။ ဥပမာ- My Sport ကနေ တီဗီထုတ်လွှင့်မှုအတွက် ပိုက်ဆံအကူအညီပေးဖို့ သဘောတူထားပါတယ်။ ကလပ်အသင်းတိုင်းကို သိန်း (၁၅၀၀) ပေးဖို့နဲ့ အိမ်ကွင်း မရှိတဲ့ အသင်းတွေကို သိန်း (၁၀၀၀) ပေးမယ်ဆိုပြီး ဂတိပေးထားပါတယ်။ ကလပ်အသင်းအနေနဲ့ MFF က လာတဲ့ ထောက်ပံ့ငွေနဲ့ ကျနော်တို့ရဲ့ Capital Investment နဲ့ပေါင်းပြီး တနှစ်အတွင်း အသုံးစရိတ်ဆွဲရတယ်။ အခုတော့ My Sport ကလည်း Cancel, MPT ကလည်း Cancel မယ်ဆိုပြီး ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ ဘောလုံးပွဲမရှိတော့ဘူး။ ကြော်ငြာမရှိတော့ဘူး။ တီဗီပြလို့ မရတော့ဘူး။ အဲ့လိုဆိုတော့ MFF က ပေးမယ်လို့ပြောထားတဲ့ ထောက်ပံ့ငွေကလည်း (၆၀) ရာခိုင်နှုန်းပဲ ပေးတော့မယ်ဆိုပြီး ဖြစ်လာတယ်။ ကျနော်တို့လည်း ရေရှည်ရပ်တည်ဖို့အတွက် တခြားကုမ္ပဏီတွေဖြစ်တဲ့ ဆောက်လုပ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ငွေကြေး ရင်းနှီးမြှပ်နှံတယ်။ သူတို့အားလုံးလည်း Covid ကြောင့် ကျနော်တို့ကို မကူညီနိုင်ပြန်ဘူး။ အဲ့ဒါကြောင့်လည်း တခြားအသင်းတွေပါ ရပ်တန့်သွားတာ ဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့က လူမျိုးအတွက်ဆိုပြီး ရပ်တည်လှုပ်ရှားတဲ့အတွက် လွယ်လွယ်ကလေးနဲ့တော့ ရပ်တန့်ဖို့ စိတ်ကူးမရှိပါဘူး။

ရေရှည်ရပ်တည်နိုင်ဖို့အတွက် Plan B လည်း ကျနော်တို့ စဉ်းစားထားပါတယ်။ MFF ပိုင်းကလည်း ထောက်ပံ့ပေးနိုင်မှု အားနည်းလာပြီး၊ တခြားထောက်ပံ့ငွေအပိုင်းတွေမှာလည်း အဆင်မပြေဘူးဆိုရင် MNL-2 မှာပဲ နေပြီး၊ ဘတ်ဂျက်ကို လျှော့ပြီး၊ ချင်းကစားသမားစစ်စစ်ပဲ ကစားခိုင်းမယ်။ U-14 အကယ်ဒမီတခုထားမယ်။ ချင်းကစားသမားတွေကို MNL ကိုရောက်ဖို့အတွက် ပြင်ဆင်ပေးမယ်။ တခြားအသင်းတွေနဲ့ ဖြစ်နိုင်ရင် နိုင်ငံခြားကလပ်ထိ ပို့နိုင်ဖို့ပေါ့။ ဒါကတော့ ကျနော်တို့ Plan B ပေါ့။ ဒါပေမယ့်လည်း MFF လည်း Structure ကောင်းပြီး၊ ငွေကြေးပိုင်းမှာ အခက်အခဲအများကြီး မရှိဘူးဆိုရင်တော့ဖြင့် MNL အဆင့်မြင့်ပြိုင်ပွဲမှာ Chinland FC က ချင်းလူမျိုးတွေ ရှိဖို့အတွက် ရပ်တည်သွားဖို့ အမြဲကြိုးစားနေမှာပါ။

မေး- MFF ရဲ့ EC Member တယောက်လည်း ဖြစ်လာပြန်တော့ MFF ကို ဘာတွေများ အကြံပြုချင်လဲ။

ဖြေ- အသင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် MFF ရဲ့ Structure ကို သေချာပြင်ဆင်ဖွဲ့စည်းဖို့လိုပါတယ်။ အဲ့ဒီအတွက်ကြောင့် MFF ရဲ့ EC တယောက် ပါဝင်တာလည်းဖြစ်တယ်။ သူတို့ EC ဘက်ကနေကို ကျနော့ကို Nominate လုပ်လာတယ်။ သူတို့ဘက်ကနေ ဘာကြောင့် nominate လုပ်သလဲဆိုရင် အစည်းအဝေးတိုင်းမှာ ကျနော်တို့ ကလပ်တခုတည်းအတွက် စကားမပြောဖူးဘူး။ အားလုံးအတွက်နဲ့ MFF Structure ပိုင်းကိုပဲ အမြဲ ဦးတည်ပြောခဲ့တယ်။

MFF မှာ ကလပ်အသင်းတချို့က အကူအညီတောင်းကြတယ်။ အကူအညီမပေးရင် မဖြစ်တဲ့အခြေအနေကို ရောက်သွားတယ်။ MFF ဥက္ကဌက အဲ့လိုအခြေအနေဆိုရင် သိန်း ၅၀၀၊ သိန်း ၁၀၀၀ ဆိုပြီး အကူအညီပေးတယ်။ ဘာအကူအညီလိုလည်းလို့ ကျနော့ကို မေးတဲ့အခါတိုင်းမှာ မတောင်းဆိုဘူး။ ကလပ်အသင်းထောင်ပြီး ကူညီပါဆိုပြီး သွားတောင်းနေရင် ကလပ်ရဲ့ သိက္ခာလည်း ကျပါတယ်။ လူမျိုးကိုယ်စားပြုတာဖြစ်တော့ လူမျိုးအတွက်ဆိုရင် ပိုတောင် သိက္ခာကျပါတယ်။ ဒါကြောင့် ကျနော်အမြဲပြောတာက- ဥက္ကဌက သိန်း ၅၀၀၊ သိန်း ၁၀၀၀ ကူညီနေတာမျိုးက အသက်ကယ်ဆေးပေးသလိုမျိုး ဖြစ်နေတယ်။ အဲ့လိုမလုပ်ပဲ၊ MFF အနေနဲ့ အသင်းတိုင်းကို သိန်း ၁၀၀၀ ပေးမယ်ဆို ၁၀၀၀၊ ၁၅၀၀ ပေးမယ်ဆို ၁၅၀၀ ဆိုပြီး အတိအကျ သတ်မှတ်ပြီး လုပ်ပေးဖို့လိုပါတယ်။ နောက်တခုက ချင်းလူမျိုးတယောက်အနေနဲ့ ဒီလိုမျိုးနေရာမှာ ပါဝင်လှုပ်ရှားပြီး လူမျိုးဂုဏ်ကိုလည်း မြှင့်တင်ချင်လို့ပါ။

မေး- Chinland FC အနေနဲ့ အိမ်ကွင်း အဝေးကွင်းတွေအတွက်ကော ဘယ်လို စဉ်းစားထားပါသလဲ။

ဖြေ- ဘောလုံးအသင်းတိုင်းက အိမ်ကွင်းရှိချင်ကြပါတယ်။ Chinland FC ရဲ့ အိမ်ကွင်းအနေနဲ့ ချင်းပြည်နယ် မြို့တော် ဟားခါးမှာရှိဖို့အတွက် ရည်ရွယ်ပါတယ်။ အိမ်ကွင်းအတွက် ခရီးသွားလာရေးကလည်း စိန်ခေါ်မှုဖြစ်ခဲ့ပေမယ့် အခုဆိုရင်တော့ လေယာဉ်ကွင်းလည်း ရှိလာပြီဆိုတော့ ပိုအဆင်ပြေလာမယ့်သဘောပါ။ နောက်တခုက ဘောလုံးကွင်းအတွက်ဆိုရင် မြေလိုအပ်တယ်။ ပြီးတော့ ကျနော်တို့ ချင်းတောင်က ရာသီဥတုကြမ်းတော့ ဘောလုံးကွင်းအတွက် မြက်ခင်းတုတွေလိုမယ်။ မြက်ခင်းတုကလည်း စျေးက တအားကြီးပြန်တယ်။ အစရှိတဲ့ စိန်ခေါ်ချက်တွေတော့ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့တတွေ Plan တွေတော့ လုပ်နေပါတယ်။ အခုချက်ခြင်းအနေအထားမှာတော့ ကလပ်အသင်း ရပ်တည်နိုင်ဖို့ကတော့ ပထမဦးစားပေးပါ။