Input your search keywords and press Enter.

“တောင်ဇလပ်ပန်းတို့ ပွင့်ရာမြေနဲ့ တစ်သားတည်းကျတဲ့ ချစ်ခင်မှုတွေ..”

 

 

သွေး (စစ်ကိုင်း)၊ ဇူလိုင် ၉၊ ၂၀၂၀

ကျွန်မမှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒီအိပ်မက်ကတော့ လှပတဲ့ ချင်းတောင်တန်းတွေဆီ အရောက်သွားပြီး သဘာဝတရားရဲ့ အလှအပတွေကို ခံစားဖို့ပါပဲ။ ပိတောက်ပန်းတွေ လှသလို တောင်ဇလပ်ပန်းတွေကလည်း သူ့ဝန်းကျင် အရပ်ဒေသမှာ ဝေဆာလှပနေတယ် မဟုတ်လား။ ပြီးတော့ ရိုးသားတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ စကားပြောမယ်၊ ယဉ်‌ကျေးမှု ဓလေ့ထုံးတမ်းတွေကို လေ့လာမယ် ပေါ့။

ချင်းတိုင်းရင်းသားတွေဟ ပွင့်လင်းဖော်ရွေတယ်၊ ရဲရင့်သတ္တိရှိတယ်၊ တစ်ဦးချင်းစီမှာ အားသာချက် ကိုယ်စီ ရှိတယ် လို့ ကျွန်မ မြင်ပါတယ်။ “ဆလိုင်းတင်မောင်ဦး” လို စစ်အာဏာရှင်ကို တော်လှန်ရဲတဲ့ ချင်းတိုင်းရင်းသား တစ်ယောက်ကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျွန်မ တက္ကသိုလ်တက်ချိန်မှာ အနယ်နယ်အရပ်ရပ်က ကျောင်းလာတက်သူတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ်လေ။ အဲဒီထဲမှာ ချင်းတိုင်းရင်းသားတွေလည်း ပါဝင်တော့ သူတို့နဲ့ စကားပြောတိုင်း ပွင့်လင်းရိုးသားမှု ရှိနေကြတာကို သတိထားမိ လာပါတယ်။

ပြည်မမှာ နေထိုင်သူတွေက ငယ်စဉ်ကတည်းက လျှပ်စစ်မီးနဲ့ နေထိုင်လာခဲ့ကြတာ ဆိုတော့ လျှပ်စစ်မီး မရသေးတဲ့ နေရာတွေ ရှိနေတယ် ဆိုတာကို သိလည်း မသိသလို စဉ်းလည်း မစဉ်းစားမိလောက်ကြပါဘူး။ ဒါပေမယ့် ကျွန်မ အရွက်ရောက်လာတဲ့ အချိန်မှာ တောင်တန်းနဲ့ ပြည်မကြားမှာ အခွင့်အရေးတွေ အများကြီး ကွာခြားနေတာ သိလာခဲ့ရသလို သူတို့ ဘဝတွေကို စာနာစိတ်လည်း ဖြစ်မိပါတယ်။ ကျောင်းတက်ဖို့ ဆိုတာ ပြည်မက ကလေးတွေအတွက် အခက်အခဲ မရှိပေမဲ့ ချင်းပြည်နယ်က ကလေးတွေမှာတော့ ကျောင်းတက်နိုင်ဖို့ အတွက် ကျောင်းရှိရာကို မိုင်နဲ့ချီ ခက်ခက်ခဲခဲ သွားကြရတာ မဟုတ်လား။

ကျွန်မ ရန်ကုန်ကို ရောက်ရှိလာပြီး အခြေချနေထိုင်တဲ့ နောက်ပိုင်း ခင်မင်ခွင့်ရခဲ့တဲ့ ချင်းတိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ဘာသာပြန်ဆရာ၊ အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်တွေ လည်း ပါဝင်ပါတယ်။ ပြီးတော့ သူတို့နဲ့ ပတ်သက်ပြီး ကျွန်မဘဝမှာ အမှတ်တရတွေလည်း ရှိနေပါတယ်။

စာလည်း ရေးသူ၊ မဂ္ဂဇင်း အယ်ဒီတာလည်း လုပ်ဖူးသူ “ညနေမိုး (ကလေး)” နဲ့ ညီအစ်မ အရင်းတွေလို တွေ့ဆုံ ခင်မင်ရတာကိုလည်း မှတ်မိနေပါတယ်။ သူနဲ့ အတူ စာရေးဆရာတွေ ထိုင်လေ့ရှိတဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ခဲ့ကြဖူးပါတယ်။ ကျွန်မရဲ့ မွေးနေ့တွေမှာ လက်ဆောင်တစ်ခုခု ပေးတတ်သလို ကျွန်မတို့ မင်္ဂလာဆောင်ကိုလည်း အရောက်လာခဲ့ပါတယ်။ အခုတော့ သူက အမေရိကန်မှာ အခြေချ နေထိုင်နေပြီး မိခင်တစ်ယောက် အဖြစ် ဘဝကို ဖြတ်သန်းနေပါတယ်။

မှတ်မှတ်ရရ ခင်မင်စရာကောင်းတဲ့ သူတစ်ယောက်ကတော့ “ဆလိုင်းငယ်ပီး” ပါ။ သူက စာအစုံဖတ်သလို စာရေးဆရာတွေကို လေးလေးစားစား ဆက်ဆံတတ်သူ တစ်ယောက်ပါ။ အဲဒီတုန်းက သူက ဂျာနယ်တစ်စောင်မှာ အယ်ဒီတာ လုပ်ကိုင်ပါတယ်။ ကျွန်မလည်း အဲဒီဂျာနယ်မှာ စာမူတွေ ဝင်ရေးတော့ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးသွားကြတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ရင်း စာအကြောင်း ပေအကြောင်း ဆွေးနွေးဖူးကြတာ ကိုလည်း မှတ်မိနေပါတယ်။ ထူးခြားချက်က သူဟာ သူ့ရဲ့ ချင်းတိုင်းရင်းသားတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တာပါ။ နိုင်ငံရေးမှာလည်း စိတ်ဝင်တစား ရှိတာကြောင့်လည်း ကျွန်မနဲ့ သူဟာ လေပေးဖြောင့်တယ် လို့ ပြောရမှာပါ။ ကျွန်မ မွေးနေ့ အတွက် လက်ဆောင်ဆိုပြီး စာရေးဖို့ ဘောလ်ပင်လေးတွေ ပေးခဲ့တာကိုလည်း သတိရပါတယ်။ နောက်ပိုင်းမှာ လူချင်းမတွေ့ဖြစ်တော့ ပေမဲ့.. ချင်းပါတီတစ်ခုမှာ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ ကျွန်မ အရမ်းဝမ်းသာမိပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာ သတင်းမှာ ဖတ်ရလို့ အနိုင်ရမယ် လို့လည်း ကျွန်မ မျှော်လင့်ပါတယ်။

ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုနည်းပါးပေမဲ့.. အလားအလာကောင်းတွေ ရှိတဲ့ ပြည်နယ်ပါ။ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ချင်ကိုင်ချင်စိတ် ရှိတဲ့သူတွေ များပြားလာတာဟာ အင်မတန် ကောင်းပါတယ်။ ကျွန်မ အနေနဲ့လည်း သူတို့ကို အမြဲတမ်းလည်း အားပေးနေပါတယ်။

ချင်းလူမျိုး စာရေးဆရာတွေထဲမှာ ခင်မင်စရာကောင်းတဲ့ သူတစ်ယောက်က “တီအီးပေါင်” ပါပဲ။ သူက တီးတိန်မြို့ ဇာတိလို့ သိရပြီး သူ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့တဲ့ “အိပ်မက်သစ်” မဂ္ဂဇင်းမှာ ကျွန်မလည်း စာမူပို့၊ ဝင်ရေးဖြစ်ခဲ့တာကိုလည်း မှတ်မိနေပါတယ်။ သူက ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး ခရစ်ယာန် လူငယ်၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဘာသာပြန်ဖြစ်၊ ရေးသားထုတ်ဝေခဲ့တာကို မှတ်မိနေပါတယ်။ သူပေးခဲ့တဲ့ “ခရစ္စမတ်ရဲ့ အနှစ်သာရ” ဆိုတဲ့ ဘာသာပြန် စာအုပ်လေးလည်း ကျွန်မဆီမှာ အခုထိ ရှိနေပါသေး တယ်။ Rick Warren ရေးတဲ့ The Purpose of Christmas ကို ဘာသာပြန်ဆိုတာ ဖြစ်ပြီး သူ့ရဲ့ ဘာသာပြန် အရေးအသားက ချောမွေ့ပြေပြစ်နေကို သတိမပြုမိဘဲ မနေပါဘူး။

ချင်းပြည်နယ်က သာယာလှပပြီး ချင်းတိုင်းတိုင်းရင်းသားတွေက ခင်မင်နှစ်လိုဖွယ် ကောင်းသလို ချင်းအစားအစာ ကလည်း နှစ်သက်စရာပါပဲ။ တစ်ရက်မှာတော့ ကျွန်မ မိတ်ဆွေ စာရေးဆရာ တစ်ယောက်က “ဆာဘူးသီး” လာစားဖို့ ဖိတ်တယ်။ ဆာဘူးသီး ဆိုတာက ဆီမပါတဲ့ အစားအစာ ဖြစ်ပြီး၊ ပြောင်းဆန်စေ့ကို နူးအိနေအောင် ပြုတ်ထားတဲ့ အတွက် စားရတာ နူးညံ့ပါတယ်။ စားကောင်းကောင်းနဲ့ စားလိုက်တာ ၂ ပန်းကန်တောင် ကုန်တဲ့ အထိပါပဲ။ ၃၅ လမ်း အထက်ဘလောက်မှာ ဖွင့်ဖွင့်ထားတဲ့ ချင်းရိုးရာ စားသောက်ဆိုင်လေးမှာလည်း မကြာခဏ ဆိုသလို သွားစားဖြစ်ပါတယ်။ သို့ပေမဲ့.. ချင်းရိုးရာ အစားအသောက်မှာ ကျော်ကြားတဲ့ “နွားနောက်သား” ကိုတော့ ဒီနေ့အထိ မစားဖူးသေးပါဘူး။

ပြီးတော့ ချင်းရိုးရာ ဝတ်စုံတွေကိုလည်း ကျွန်မ နှစ်သက်သဘောကျပါတယ်။ အရောင်အသွေး စုံလင်သလို ဝတ်ဆင်ရတာလည်း အဆင်ပြေတယ် လို့ ခံစားရတယ်။ ချင်းရိုးရာ ခြုံထည်လေးတစ်ခုလည်း ကျွန်မမှာ ရှိပါတယ်။ ကျွန်မ နောက်ထပ်ကြိုက်နှစ်သက်တာက ချင်းပုတီးတွေပါပဲ။ ချင်းရိုးရာ ပစ္စည်းအရောင်းဆိုင်ရှေ့ရောက်တိုင်း ကျွန်မကို ဆွဲဆောင်နိုင်ဆုံးက ချင်းပုတီးတွေပါ။ ကျွန်မဆီမှာ ရှိတဲ့ ချင်းပုတီး ဆိုရင် အလုံးကြီးကြီး၊ ကြိုးရှည်ရှည်နဲ့ သိပ်လှပါတယ်။

ဆက်စပ်စဉ်းစားမိတာက ချင်းရိုးရာ အဝတ်အထည်တွေကို ပြည်တွင်းမှာသာ မက ပြည်ပမှာပါ စျေးကွက်ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ အတွေးပါ။ ရိုးရာနဲ့ ခေတ်ပေါ်ကို ပေါင်းစပ်ပြီး ဒီဇိုင်းတွေ တီထွင်နိုင်ရင် စျေးကွက် သေချာပေါက် ရမှာပါ။ ကျွန်မတို့ နိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာပဲ နေနေ ကျွန်မတို့ဟာ သွေးရင်သားရင်းတွေ၊ သွေးချင်းသားချင်းတွေပါပဲ။ တိမ်တွေ သိပ်လှတဲ့ အရပ်ဒေသလို့ နာမည်ကြီးတဲ့ ချင်းတောင်တန်းတွေကို မရောက်ချင်ဘဲ ဘယ်ရှိပါ့မလဲနော်။

ကျွန်မ ပြန်ပြီးစဉ်းစားမိတော့ ခင်မင်ခွင့်ရခဲ့တဲ့ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူတွေ အားလုံးဟာ ရိုးသားပွင့်လင်းပြီး တစ်ယောက်စီတိုင်းမှာ အရည်အချင်းကောင်း အနည်းဆုံးတစ်ခုစီ ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ။ လူမျိုးမတူတာက ကျွန်မတို့ကြားမှာ ခြားနားမှု တစ်စုံတရာ မရှိသလို “လူသားဆန်ခြင်း” ဆိုတဲ့ မေတ္တာတရားကသာ အပြန်အလှန်နားလည်ပေးမှုတေွနဲ့ ပေါင်းစည်းငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။

ဒီမြေ၊ ဒီရေမှာ ကြီးပြင်းကြတဲ့ သူတွေချည့်ပဲမို့ ကျွန်မတို့ အားလုံးဟာ ဒီနိုင်ငံကို ချစ်ကြတဲ့ သူတွေချည့်ပါပဲ။ ကိုယ့်လူမျိုးကို ချစ်ရင် တခြားလူမျိုးကိုလည်း လေးစားတတ်ရမှာ ဖြစ်တယ် လို့ ကျွန်မယုံကြည်ပါတယ်။ တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်‌ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားအသိအမှတ်ပြုခြင်းက အချင်းချင်းကြား အပြန် နားလည်မှုတွေ တိုးလာမှာ အသေအချာပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ရေမြေတောတောင် အလှအပတွေနဲ့ ပြည့်စုံတဲ့၊ တောင်ဇလပ်ပန်းတွေ ဖူးပွင့်ဝေရာ၊ တိမ်တွေနဲ့ လှပတဲ့ ချင်းပြည်နယ်ကို တစ်ခါတစ်ခေါက် အရောက်သွားနိုင်ဦးမယ် လို့ ယုံကြည်ထားပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် ကိုယ်စားလှယ်တွေ အနိုင်ရစေချင်မိ သလို ချင်းတိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရည်တူ ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ဖို့လည်း ကျွန်မတို့ အားလုံး ကြိုးပမ်းကြရဦးမှာပါ။

တကယ်တော့