Input your search keywords and press Enter.

Fact Check|ရွေးကောက်ပွဲကို ဦးတည်တိုက်ခိုက်ထားတဲ့ သတင်းအမှား နှစ်ပုဒ် အကြောင်း

 

လူမူကွန်ရက်မှာ သတင်းမှား၊သတင်းတုထုတ်လွှင့်မူတွေက ကိုဗစ် ၁၉ ကပ်ဘေးကာလမှာ အရင်ကထက် ၅ ဆ ခန့်ပိုများလာပါတယ်။မြန်မာနိုင်ငံမှာ အသုံးပြုသူ ၂၂ သန်းကျော်အထိရှိလာတဲ့ Facebook လူမှုကွန်ရက်ပေါ်က အမုန်းစကား လှုံ့ဆော်မှုတွေနဲ့ သတင်းတု သတင်းမှားတွေဟာလည်း လူမှုဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာပါတယ်။သတင်းမှား၊သတင်းတုတွေကိုချင်းဝေါလ်ပရိတ်သတ်တွေဆင်ခြင်နိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MIDO ရဲ့ ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက် စစ်ဆေးသူတွေက ဖော်ပြထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းအမှား ၂ ပုဒ်ကို ချင်းဝေါလ်ပရိတ်သတ်အတွက်ဖော်ပြပေးလိုက်ပါတယ်။

 

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက ပြင်ဆင်နေကြသလို အွန်လိုင်း လူမှုကွန်ရက်တွေပေါ်မှာလည်း သတင်းအမှား ဖန်တီးသူတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းအမှားဖန်တီး ထုတ်လွှင့်မှုတွေ ရှိလာတာကိုတွေ့ရပါတယ်။ အခု ဖော်ပြမယ့် သတင်းအမှား နှစ်ပုဒ်ဟာ ပျံ့နှံ့မှု မများသေးပေမယ့် ရွေးကောက်ပွဲကို ဦးတည် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် လေးလ လောက်အလိုမှာ တောင် ဒီလို သတင်းအမှားတွေ ဖန်တီးရေးသားနေကြတာကို စာဖတ်ပရိသတ်တွေ သတိထားမိစေလိုပါတယ်။ ရွေးကောက် ပွဲကာလမှာလည်း ဒီလို သတင်းအမှားဖြန့်ချိမှုတွေ များပြားလာနိုင်တာမို့လို့ အခုချိန်ကတည်းက ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ သတင်းအမှား ဖန်တီးမှု ပုံစံတွေကို သိရအောင် ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက် စစ်ဆေးသူတွေက ဖော်ပြလိုက်ပါတယ်။

Fact Check| အစ္စလာမ်ဘာသာဝင် တက်ကြွလှုပ်ရှားသူ မဝေဝေနု နှင့် ဖခင်ဖြစ်သူတို့ NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်စေမည် ဆိုတဲ့ သတင်းအမှား

 

အစ္စလာမ်ဘာသာဝင် တက်ကြွလှုပ်ရှားသူ မဝေဝေနု နှင့် ဖခင်ဖြစ်သူတို့ဟာ NLD ပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့တာကိုဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။

ဒီသတင်းမှားကို သတင်းစာ၊ဂျာနယ် အစရှိတဲ့ ပုံနှိပ်မီဒီယာတစ်ခုက သတင်းစာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ပုံစံနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။သတင်းမှားထဲမှာတော့ ဘင်္ဂါလီအခွင်အရေး လှုပ်ရှားသူ 2018 Hillary Rodham Clinton ဆုရှင် မဝေဝေနု နှင့် ဖခင် ဖြစ်သူ ဦးကျော်မင်းတို့ဟာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက တောင်းဆိုလို့ ဖြစ်တယ်ဆိုပြီး ရေးသား ထားတာဖြစ်ပါတယ်။

ဒီသတင်းမှာ ရေးသားထားတဲ့အကြောင်းအရာ၊ အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း စိစစ်နိုင်ခဲ့ပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရသလဲဆိုရင်

ဒီသတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ပြည်တွင်း ပြည်ပသတင်းဌာနတွေမှာ ဖော်ပြထားတာ မျိုးမရှိပါဘူး။ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းဆိုရင် ဘယ်နေ့၊ ဘယ်အချိန်မှာ မေးမြန်းထားတယ်ဆိုတာကို အတိအကျ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသတင်းမှာတော့ ခိုင်မာ တိကျတဲ့သတင်းအချက်အလက်တွေ မပါဘဲ ရေးသားထားတာ တွေ့ရပါတယ်။
ဒါကြောင့်မို့လို့ သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ပုံစံနဲ့ ဖန်တီးထားတဲ့ ဒီသတင်းဟာ အမှားဖြစ်ပါတယ်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ က ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေလည်း တရားဝင် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ဝေဝေနုက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ဖြစ်တဲ့ Facebook,Instagram, Twitter တွေမှာလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ဖော်ပြထားတာမျိုး မရှိပါဘူး။

ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အသိပေးလိုတာက ဒီလို ဖေ့ဘွတ်ခ် ဂရုတွေက ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေရဲ့နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် ဒီလို ရွေးကောက်ပွဲ နီးချိန်ကာလမှာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်၊ ပဋိပက္ခတွေ ဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ သတင်းအမှားနဲ့ အမုန်းစကားဖန်တီးမျှဝေနေတဲ့ အကောင့် အွန်လိုင်းပေါ်မှာ ရှိနေတာမို့လို့ သတင်းမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ဆေးပြီးမှ မျှဝေသင့်ပါတယ်။ အကယ်၍ စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်၊ မစစ်ဆေးနိုင်တာပဲဖြစ်ဖြစ် ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ ChatBot ကို ပေးပို့ပြီး သတင်းအမှား/အမှန် စိစစ်ခိုင်း လို့ရပါတယ်။

Fact Check|ဗုဒ္ဓဘာသာဝင်များ ကုသိုလ်လုပ်ငန်းများဆောင်ရွက်လိုပါက ရပ်ကွက်ရုံး၊ ဗလီဆရာ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက် ယူရမယ်ဆိုတဲ့ သတင်းအမှား

 

ဒါ့အပြင် ဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓဘာသာဝင်များ သွားရောက်ပြီး ဥပုလ်သီလ ဆောက်ခြင်း၊ အလှူပေးခြင်းနှင့် အခြားဝေယျာဝစ္စ ကုသိုလ်လုပ်ငန်းများဆောင်ရွက်လိုပါက ရပ်ကွက်ရုံး သို့မဟုတ် ဗလီဆရာ သို့မဟုတ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက် ယူပြီးမှ သွားခွင့်ပြုပေးတော့မယ်ဆိုပြီး သာသနာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့နေတာကိုလည်း ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက် စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။

ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တရားဝင် Website နဲ့ Facebook တို့မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာလည်း ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ရေးသားထားတာ မတွေ့ရပါဘူး။
ဒီသတင်းအမှားကို “အမျိုးဘာသာ သာသနာချစ်သူများ ဆုံဆည်းရာ” ဆိုတဲ့ ဖေ့ဘွတ်ခ် ဂရုထဲမှာ တင်ခဲ့တာဖြစ်ပြီးတော့ ဒီဂရုဟာ တစ်ဖက်သက် သတင်းအမှားတွေနဲ့ ပုဂ္ဂိုလ်ရေးအပုတ်ချ ဝေဖန်မှုတွေကို ရေးသားနေကြတဲ့ ဂရုတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ Member ဝင်ပေါင်း ၄၃ဝဝကျော်အထိရှိပြီး ဘာသာရေးနဲ့ ဆိုင်တဲ့ အမုန်းတရားများကို ရေးသားနေတဲ့ ဂရုဆိုတာ လေ့လာသိရှိရပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အသိပေးလိုတာက ဒီလို ဖေ့ဘွတ်ခ် ဂရုတွေ၊ မည်သူ မည်ဝါ မဖော်ပြတဲ့ အကောင့်တွေ က ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေ၊ အကောင့်တွေရဲ့ နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။ သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ သတင်းမှာ ပါဝင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေဟာလည်း လူမှုကွန်ရက်တွေမှာ ဖော်ပြထားသလား၊ မထားဖူးလားဆိုတာလည်း စစ်ဆေးကြည့်သင့်ပါတယ်။ ဒီလို လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို အလွယ်တကူ မယုံကြဖို့လိုသလို သတင်းနဲ့ပတ်သက်ပြီး အမှား/အမှန် သံသယရှိလာရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက် စိစစ်မေးမြန်းပြီးမှ Share ပြုလုပ်ဖို့ သတိပေးလိုက်ပါရစေ။