Input your search keywords and press Enter.

တိုက်ပွဲကြောင့် ပိတ်မိနေသည့် အမ်းမြို့နယ်ရှိ ချင်းလူမျိုးများအတွက် စားနပ်ရိက္ခာများ ပေးပို့ရန် စီစဉ်နေ

 

 

Salai Khup Khup

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်း ဒေသရှိ တိုက်ပွဲကြောင့် ပိတ်မိနေသည့် ချင်းရွာ (၂၀) ရွာမှ ချင်းလူမျိုးဒုက္ခသည်များ အတွက် အရေးပေါ်ဆန်နှင့် ရိက္ခာများကို ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) မှ ပေးပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းလူသားချင်း စာနာထောက်ထား ကူညီပေးရေးအဖွဲ့ (CHAT)မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဆလိုင်းနေဇော်လင်းက “RRCCI အဖွဲ့ကနေ ထောက်ပံ့မယ်လို့ ဆွေးနွေးညှိနှိုင်းနေတဲ့ အနေထားမှာဘဲ ရှိသေးတယ်၊ ဒါးလက်ချောင်းဒေသက လူတွေတော်တော်များများကတော့ မြို့ပေါ်ကို ရောက်နေကြတယ်၊ တချို့ကျန်နေသေးတဲ့ သူတွေရှိတယ်၊ သူတို့တွေအတွက် ထောက်ပံ့ပစ္စည်း ရခဲ့ရင်လည်း လုံခြုံရေး အခြေအနေအရ ပို့ပေးနိုင်တယ်ဆိုရင် ပို့ပေးမယ်၊ တစ်ခါတစ်လေ လုံခြုံရေးအခြေအနေအရ လမ်းကြောင်း ပိတ်တာတွေရှိတယ်ဆိုတော့ လမ်းကြောင်းဖွင့်ပေးတဲ့ အချိန်မျိုးမှာ ပို့ပေးဖို့ အစီအစဉ်ရှိတယ်”ဟုပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် အမ်းမြို့နယ် ဒါးလက်ချောင်း ဒေသရှိ ချင်းရွာ (၂၀) ရွာမှ ချင်းလူဦးရေ သုံးထောင်ကျော်မှာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းလည်း သိရသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်းရှိ ကျေးရွာ ၄၂ ရွာ၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခံထားရသဖြင့် ဒေသခံ အများစုမှာ အမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာကြသူများရှိပြီး အချို့မှာ ရွာများတွင် ကျန်ရှိနေကြသေးကြောင်း သိရသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) သည် ချင်းလူသားချင်းစာနာထောက်ထားကူညီပေးရေးအဖွဲ့ (CHAT) အဖွဲ့မှတစ်ဆင့် အမ်းမြို့နယ်ရှိ ချင်းစစ်ဘေးရှောင်များအတွက် ဆန်များကို ရနိုင်သလောက် ပေးပို့ထောက်ပံ့ထားကြောင်းသိရသည်။