Input your search keywords and press Enter.

ကိုဗစ်-၁၉ ကပ်ဘေး ကြောင့် ကလေးမြို့ရှိရက်ကန်းလုပ်ငန်းလုပ်ကိုင်သူများအခက်အခဲကြုံနေရ

 

 

Salai C Lian

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အတွင်းရှိ ချင်းရိုးရာအထည် ရက်ကန်းလုပ်ကိုင်နေသူများ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အထည်များမရောင်းနိုင်သဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေကြကြောင်း ကလေးမြို့ ရက်ကန်းလုပ်ငန်းရှင်များထံမှ သိရသည်။

ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် ရက်ကန်းလုပ်ငန်း လုပ်ဆောင်နေသည့် ဒေါ် မားလော က “လက်ရှိဖြစ်နေတဲ့ ကိုဗစ်ရောဂါကြောင့် ကျွန်မတို့ အထည်တွေလုံးဝ ရောင်းလို့မရဘူး၊ ရက်ပြီးသားဟာတွေကို အိမ်မှာပဲသိန်းချီတန်ဖိုးလှောင်ထားတယ်၊ ကျွန်တော်တို့ကို လုပ်ပေးတဲ့သူတွေလည်း တစ်ရက်လုပ် တစ်ရက်စားဆိုတော့ သူတို့ကို နားခိုင်းဖို့လည်း မဖြစ်နိုင်ဘူးဆိုတော့ ချည်သားတွေ အမြဲဝယ်ဖို့ ကိုယ်ပဲ စိုက်ထုတ်ပဲ ၊ရောင်းအားခတော့ လုံးဝမရဘူး” ဟု ပြောသည်။

ချင်းရိုးရာအထည်များသည် ကိုရိုနာဗိုင်းရပ်စ်ဂါမကျရောက်မှီ ရက်ကန်းလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၊ ပြည်ပ ချင်းပြည်သူများထံသို့ ရောင်းချနိုင်ခဲ့သော်လည်း ယခင်လို မပို့နိုင်ခဲ့သောကြောင့် အခက်အခဲ ရင်ဆိုနေရခြင်း ဖြစ်သည်။

ဒေါ် မားလောက “အရင်က ကျွန်မတို့ဖောက်သည်တွေကလည်း အရင်လိုမမှာနိုင်ကြတော့ဘူး၊ မှာတဲ့ဟာတွေလည်း ရောင်းဖို့အဆင်မပြေတော့ ငွေပြန်မရနိုင်ပြန်ဘူး၊ ခါတိုင်းနိုင်ငံခြားကို ပို့တဲ့ဟာတွေလည်း ပို့လို့မရတော့ဘူး၊ ရက်ကန်းလုပ်ငန်း လုပ်တဲ့သူတွေအားလုံးကတော့ အတူတူပဲဖြစ်ကြမယ်၊ အားလုံးသောင်တင်နေကြတယ်” ဟုပြောသည်။

ကလေးမြို့နယ်အတွင် ရိုးရာရက်ကန်းအထည် လုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကအားဖြင့် အိန္ဒိယချည်များ အသုံးပြုကြပြီး၊ ချင်းပြည်နယ်၊ ပြည်တွင်းပြည်ပ ချင်းလူမျိုးများ နေထိုင်ရာ နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။