Input your search keywords and press Enter.

အမ်းမြိုနယ်အတွင်း စစ်ပွဲကြောင့် ကျေးရွာနေ ချင်းတိုင်းရင်းသား ၅ ထောင်ကျော် မြို့ပေါ်နှင့် အခြားဒေသများတွင်ပြောင်းရွှေ့

 

Salai Khup Khup

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့်ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒလက်ချောင်းကျေးရွာအုပ်စုနေ ချင်းတိုင်းရင်းသား ၅ ထောင်ကျော် အမ်းမြို့ပေါ်နှင့် အခြားဒေသများတွင် ပြောင်းရွှေ့ထွက်ခွါနေရကြောင်း သိရသည်။

အမ်းမြို့ပေါ်ရှိ ချင်းစစ်ဘေးရှောင်များတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသူ တစ်ဦးက “ဇွန်လ ၂၇၊ ၂၈ ရက်တုန်းက တပ်ကနယ်မြေရှင်းလင်းဖို့ လုပ်တော့ လူဦးရေ ငါးထောင်လောက်က အမ်းမြို့ပေါ်ကို ပိတ်မိနေတဲ့ ရွာတွေကနေ ထွက်လာကြတယ်၊ ဇူလိုင်လ ဒီနေ့စာရင်းအရ သိရတယ် ၊ နောက်ထပ်ပိတ်မိနေတဲ့ လူဦးရေက လေးထောင်လောက် ရှိသေးတယ်၊ အမ်းမြို့ပေါ်မှာ လူဦးရေ ငါးထောင်လောက်က မနေဘူး ၊ တချို့လူတွေက အမျိုးအိမ်တွေ အသိအိမ်တွေ အချို့ဆိုရင် ဌားပြီး နေကြရတယ် ”ဟုပြောသည်။

တိုက်ပွဲကြောင့် ပိတ်ဆို့ထားသည့် အမ်းမြို့နယ် ဒလက်ချောင်း ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာပေါင်း ၄၂ ရွာ၏အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အမ်းမြို့နယ်ဖက်မှ ကုန်းလမ်းကြောင်းနှင့် မြေပုံမြို့နယ် ကံတောင်ကြီးဖက် ရေလမ်းကြောင်းများကို မြန်မာ့တပ်မတော်က ပိတ်ဆို့လိုက်ခြင်းကြောင့် ပိတ်ဆို့ခံ ရွာများကို ဆန်နှင့် စားနပ်ရိက္ခာပို့ရန် အခက်ခဲများစွာရှိကြောင်း ချင်းလူသားချင်း စာနာထောက်ထား ကူညီပေးရေးအဖွဲ့ (CHAT)မှ တာဝန်ခံတစ်ဦး ဖြစ်သူ ဆလိုင်းနေဇော်လင်း ကပြောသည်။

ချင်းလူသားချင်း စာနာထောက်ထား ကူညီပေးရေးအဖွဲ့ (CHAT)မှ တာဝန်ခံတစ်ဦး ဖြစ်သူ ဆလိုင်းနေဇော်လင်းက “ပိတ်မိနေတဲ့ ရွာပေါင်းက လေးဆယ်ကျော်က ပိတ်မိနေတဲ့တွက် ဆန်တွေလည်း သယ်လို့မရတော့ နီးစပ်ရွာတွေမှာ အချင်းချင်း မျှပြီး စားသောက်နေရတဲ့ အနေထားမှာ ရှိတယ် ၊ စစ်တပ်ကလည်း လုံခြုံရေးအရ သယ်ယူခွင့်မပေးဘူး ၊ ဒေသခံတွေမှာ စားစရာ မရှိသလောက်ဖြစ်နေတယ်၊ မကြာမကြာ ကျေးရွာနားမှာတွေ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတော့ လုံခြုံရေးအရ တားမြစ်တာတွေရှိတဲ့ အတွက် ကျတော်တို့ အဖွဲ့အစည်း အနေနဲ့ ထောက်ပံ့ပစ္စည်းတွေ သွားပေးနိုင်ဖို့မှာလည်း အခက်အခဲများစွာရှိနေတယ်”ဟုပြောသည်။

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် စခန်းနှစ်ခု သာရှိပြီး ၎င်းစခန်းတွင် နေထိုင်သူများတွက် NGO စသည့် အဖွဲ့အစည်းများမှ စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုများရရှိသော်လည်း ပိတ်မိနေရာမှ ထွက်လာကြသည့် ချင်း လူမျိုးသုံးထောင်ဝန်းကျင်၏ စားနပ်ရိက္ခာတွင် အကူအညီပေးမည့် အဖွဲ့အစည်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။