Input your search keywords and press Enter.

ပိတ်ဆို့ခံထားရသည့် အမ်းမြို့နယ်ရှိ ချင်းတိုင်းရင်းသားများ စစ်ပွဲကြောင့် မသေပဲငတ်ပြီးသေမည့်အနေအထားဖြစ်နေဟုဆို

 

 

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၄၂ ရွာကို တပ်မတော်ဖက်မှ ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့လိုက်သည့် အတွက် ချင်းတိုင်းရင်းသား ၁၅၀၀ ဝန်းကျင်မှာ စားနပ်ရိက္ခာပြတ်လပ်သဖြင့် ငှက်ပျောဖူးနှင့် ပိန္နဲသီး စားသောက်နေရပြီး စစ်ပွဲကြောင့်မသေပဲငတ်ပြီးသေမည့်အနေအထားဖြစ်နေဟုဒေသခံများထံမှ သိရသည်။

ဒေသခံ တစ်ဦးက “ဒလက်ချောင်းရွာအုပ်စု အတွင်းက ကျေးရွာပေါင်း၄၂ ရွာထဲမှာ ချင်းအများဆုံးနေတဲ့ ၃၆ ရွာလောက်က ဒေသခံတွေ အစာငတ်ပျက်တာ ခံစားနေရတယ် ် လက်ရှိချိန်ထိကလည်း ဘယ်သူကမှ မကူညီသေးတဲ့ အခြေနေဖြစ်တယ် လက်ရှိဒေသခံ ၁၅၀၀ လောက်က ငှက်ပျောဖူးတွေ ပိန်းန္နဲသီးတွေ သရက်သီးတွေ မျှစားနေကြရတယ်၊ “ဒေသခံတွေဆီကို စားနပ်ရိက္ခာမြန်မြန် ပို့ပေးစေချင်တယ် စစ်ပွဲကြောင့် သေတာမျိုးမဟုတ်ဘဲနဲ့ ငတ်ပျက်ပြီး အခြေအနေဆိုးမယ့် အနေထားမှာဖြစ်နေတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တပ်မတော်ဖက်မှ ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့လိုက်သည့် အတွက် ဒေသခံများ စားနပ်ရိက္ခာ လုံးဝပြတ်လပ်သွားသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်းရှိ ဒလက်ချောင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာပေါင်း ၄၂ ရွာ၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သည့် အမ်းမြို့ဖက်မှ ကုန်းလမ်းကြောင်းနှင့် မြေပုံမြို့နယ် ကံတောင်ကြီးဖက်မှ ရေလမ်းကြောင်းများကို မြန်မာ့တပ်မတော်မှ ပိတ်ဆို့ လိုက်သည့်အတွက် ဒေသခံများ ရိက္ခာပြတ်လပ်နေရခြင်း ဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှ ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ Pu Terahက “ရိက္ခာပြတ်နေတဲ့အပေါ် ဖြစ်နိုင်ရင် ရိက္ခာပြတ်တဲ့ ရွာတွေကို သက်ဆိုင်ရာ အစိုးရက အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ လုပ်ပေးစေချင်တယ် ပိတ်ဆို့ထားတဲ့ လမ်းကြောင်းကိုလည်း ဖြစ်နိုင်ရင် ပြန်ပြီး ဖွင့်စေချင်တယ်”ဟုဆိုသည်။

ဆန်ရိက္ခာများ ပြတ်သွားသည့် ဒလက်ချောင်းကျေးရွာ အုပ်စုအတွင်း ကျေးရွာပေါင်း ၄၂ရွာ ရှိသည့် အနက် ၃၆ ရွာမှာ ချင်းလူမျိုးများ နေထိုင်ကြပြီး ကျန် ၆ ရွာမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်သည်ဟုသိရသည်။